၂၆.၄ .၂၀၂၄
Written by Hey Mar

အရက်သေစာသောက်စားတတ်တဲ့ သားကို ဆိုဆုံးမဖို့ ခက်လို့ အသက် ၈၀ ကျော် အမေအို ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးခဲ့တဲ့ဖြစ်စဥ် မွန်ပြည်နယ် သထုံမြို့မှာ ဒီနေ့ ဧပြီလ ၂၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတ အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က သထုံမြို့၊ ရွာဦး(၂) လမ်းက နေအိမ်ထဲမှာ အမျိုးသမီးကြီးတစ်ဦး ဆွဲကြိုးချသေဆုံးနေလို့ ရပ်ကွက်နေပြည်သူတချို့က သက်ဆိုင်ရာကို ဆက်သွယ်အကူအညီတောင်းခံတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းတွေက သွားရောက်စစ်ဆေးကာ ရုပ်အလောင်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ပတ်ဝန်းကျင်ပြောစကားအရတော့ အဘွားက မိသားစု ၆ ဦးမှာ ၄ ဦး ကျန်တယ်။ သားအငယ်ဆုံးကို အရမ်းချစ်တာမှာ အငယ်ဆုံးသားက အရက်သောက်ပြီး ခဏခဏ သူနဲ့ ကတောက်ကဆ ဖြစ်နေကြပေါ့။ ရန်ဖြစ်ပြီးလည်း ပြန်တည့်တာပါပဲတဲ့။ ဒါပေမယ့် ဆိုဆုံးမ ခက်တာရော စိတ်ပူပန်စရာတွေ ရှိလို့နေမှာပေါ့။ အဘွားရဲ့ တစ်အိမ်ကျော်က မြေးက အဘွားဆီ ထမင်းလာပို့ရင်းမှ သေနေတာကို သိတာ”လို့ MT News ကို ပြောပါတယ်။

သေဆုံးသူ အသက် ၈၃ နှစ်အရွယ် အဘွားအိုက အဆိုပါရပ်ကွက်နေအိမ်မှာ တစ်ဦးတည်းနေထိုင်ပြီး သူ့ဆွေမျိုးသားသမီးတွေက သူနဲ့ တစ်အိမ်ကျော်မှာ နေထိုင်တာလို့ လည်း သိရပါတယ်။ ရုပ်အလောင်းကို အကြင်နာတွဲလက်အသင်း(သထုံ)မှ ပရဟိတလူငယ်တို့က နေအိမ်မှထုပ်ပိုးသယ်ဆောင်ကာ သထုံပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)ဆီ အသင်းပိုင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့ကြ​တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *