၂၆. ၄. ၂၀၂၄
Written by Shwe Phyo

တရုတ်အစိုးရအနေဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအပြင် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုနက်ရှိုင်းလာစေရန် မြန်မာနိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် အဆင့်သင့်ရှိနေကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်းထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီး၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာအစိုးရအနေ ဖြင့် တရုတ်နိုင်ငံနှင့်အတူ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်နိုင်ငံတော်ကောင်စီဝင်ဖြစ်သလို တရုတ်ပြည်သူရေးရာလုံခြုံ ရေးဝန်ကြီး Wang Xiaohong ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးနှင့် ဧပြီ ၂၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးသည် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများကို ဖြိုခွင်းရာတွင် တရုတ်နှင့်မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ခြင်းမှ တိုးတက်မှုများရရှိခဲ့ခြင်းကို အဓိကထားပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်သဘောထားအမြင်များမှ တရုတ်နှင့်မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရန် အမြဲတမ်းရှုမြင်ဆောင်ရွက်နေကြောင်း ပြော သည်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံစလုံးအတွက်သာမက ဒေသအတွင်း ကြီးမားတိုးတက်စေရန်၊ တည်ငြိမ်ရေးနှင့်လုံခြုံမှုရရှိစေရန်အတွက် နယ်စပ်ဖြတ်ကျော်ဖြစ်ပွားနေသည့် ရာဇဝတ်မှုများ၊ မူးယစ်မှောင်ခိုမှုများ၊ လောင်းကစားမှုများ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးက ပြောသည်။

မြန်မာအစိုးရသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုကျူး လွန်နေသည့်ဂိုဏ်းများကို ဖြိုခွင်းကာ ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ ပြီးခဲ့သောနှစ်အတွင်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

Ref- Xinhua English

Leave a Reply

Your email address will not be published. Required fields are marked *