၂၆.၄. ၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းကုန်းတံတားပေါ်ကနေ အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ် ခုန်ချခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၂၆ ရက်နေ့ မွန်းတည့်ချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဆန်ရေလူမှုကူညီရေးအသင်း တာဝန်ရှိသူထံက သိရပါတယ်။

အဆိုပါမိန်းကလေး ဘာကြောင့်ခုန်ချခဲ့တယ်ဆိုတာ မသိရှိရဘဲ သူ့ထံမှာပါလာတဲ့ မှတ်ပုံတင်အရ ၂၀၀၄ ခုနှစ်မွေးဖွားသူဖြစ်ကာ အလုံမြို့နယ်ဘက်ကလို့သာ သိရှိရပေမယ့် နေရပ်လိပ်စာ အတိအကျမဟုတ်ဘူးလို့ သိရပါတယ်။

ဆန်ရေ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့က ဂရန်းဟံသာဆေးရုံကို လူနာပို့ပြီးအပြန် လမ်းမှာ ကားကို တားပြီး အကူအညီတောင်းတာကြောင့် မြေပြင်အကူအညီအရင်ရောက်သွားတယ်။ ကောင်မလေးက လှည်းတန်းစင်တာရှေ့နားလောက်ကနေ ခုန်ချတာလား၊ ပြုတ်ကျတာလား မသေချာပေမယ့် ခုန်ချတယ် ယူဆကြတယ်။ ဘယ်ဘက်ပေါင် ကျိုးတယ်။ လက်ကျိုးတယ်။ ဦးခေါင်းသွေး မထွက်ပေမယ့် အတွင်းကြေသဘော ထိနိုင်တယ်”လို့ ဖြစ်စဥ်ကို ဆက်သွယ်မေးမြန်းစဥ် ဖြေကြားပါတယ်။

ဆန်ရေအသင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ သတင်းပေးပို့ကာ နယ်မြေခံအသင်းဖြစ်တဲ့ အနာဂတ်အလင်းတန်း ပရဟိတအသင်းနဲ့ ချိတ်ဆက်ပြီး ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *