ပုံစာ- ‌ရွှေမဲဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ခဲ့မှုကို တွေ့ရစဉ်။

၂၆. ၄. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်မြို့ရှိ ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့အား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် ခွင့်ပြုပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်ထားသော ‌ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့အား အိမ်နီး ချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ဧပြီလ ၂၄ ရက်မှစ၍ စတင်ခွင့်ပြုခဲ့သည်။

အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက် ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ OSS (One Stop Service) များမှ ဧပြီ ၂၄ ရက်မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးထားပြီး လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုများကို အထက်ပါ ဆိပ်ကမ်းနှစ်ခုအနက် ရန်ကုန်မြို့ရှိ ရွှေမဲဆိပ်ကမ်းမှတစ်ဆင့် ဆောင်ရွက်ခဲ့မှုများရှိခဲ့သည်။

လက်ရှိအချိန် နယ်စပ်ဒေသများတွင် မတည်ငြိမ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် အဓိကကုန်သွယ်မှုဆောင်ရွက်နေသည့် တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်း၊ ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းတို့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများလည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်သကဲ့သို့ ယာယီရပ်ဆိုင်းထားရမှုများလည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အဆိုပါအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးများ ရေကြောင်းမှ ပြောင်းလဲတင်ပို့နိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *