၂၅.၄.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအစိုးရက ပြည်တွင်းပဋိပက္ခဖြစ်ပွားမှုနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအထောက်အပံ့နှင့် ငြိမ်းချမ်းရေးတိုးမြှင့်ရေးအတွက် ထိုင်းနိုင်ငံက ခိုင်ခိုင်မာမာရပ်တည်နေစဉ်မှာပဲ မြန်မာနိုင်ငံအတွင်း အကျပ် အတည်းအခြေအနေလျော့ပါးဖို့နဲ့ ပိုမိုအေးချမ်းမှုရှိလာစေရန် အာဆီယံသုံးနိုင်ငံ ဒါမှမဟုတ် ဒီထက်များတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တစ်ပြိုင်တည်းမှာ မြန်မာအစိုးရနဲ့ ဆက်သွယ်ပူးပေါင်းပြီးဆောင်ရွက်ကြဖို့ အဆိုပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာက မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် ‘ဦးဆောင်ဦးရွက်အာဆီယံ သုံးနိုင်ငံအဖွဲ့အစည်းအဝေး’ ဒါမှမဟုတ် ‘အာဆီယံသုံးနိုင်ငံ + အစည်း အဝေး’ တွေ ကျင်းပနိုင်ဖို့ ထိုင်းအစိုးရက လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ ညှိနှိုင်းနေတယ်လို့ ဧပြီလ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။

ဦးဆောင်ဦးရွက်ပြုမယ့် အာဆီယံသုံးနိုင်ငံအဖွဲ့ကို အာဆီယံအဖွဲ့ကြီးရဲ့ ယခင်၊ ယခုနဲ့ လာမယ့် အလှည့်ကျဥက္ကဋ္ဌ အာဆီယံသုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ‘အာဆီယံသုံးနိုင်ငံ +’ ဆိုတာကတော့ မြန်မာနိုင်ငံအကျပ်အတည်းမှာ ပါဝင်ဖြေရှင်းဆောင်ရွက်ဖို့ ဒါမှမဟုတ် ဒီအကျပ်အတည်းအခြေအနေနဲ့ သက်ဆိုင်နေတဲ့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဆိုလိုတာပါ။

မစ္စတာ နီကွန်ဒက်ဂျ်က အဆိုပြုထားတဲ့ အစည်းအဝေးတွေကို ထိုင်းနိုင်ငံအတွင်း ကျင်းပသွားဖွယ်ရှိပြီး မြန်မာအစိုးရနဲ့ ဆန့်ကျင်ဖက်အင်အားစုတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေအတွက် ကြားဝင်ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက အသင့်ရှိတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ နီကွန်ဒက်ဂျ်က လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခက ထိုင်းနိုင်ငံနဲ့​မြန်မာနိုင်ငံတို့အကြားဖြစ်ပွားနေခြင်းမဟုတ်သလို ထိုင်းအစိုးရအနေနဲ့ အမျိုးသားလုံခြုံမှု၊ နိုင်ငံတကာဆက်ဆံရေးနဲ့ လူ့အခွင့်အရေးအခြေခံမူတွေအရ တိုက်ခိုက်မှုတွေကြောင့် သက်ရောက်မှုရှိနေတဲ့အုပ်စုအားလုံးကို လူသားချင်းစာနာမှုအခွင့်အရေးများပေးသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါ့ပြင် ပဋိပက္ခက ထိုင်းနိုင်ငံတစ်နိုင်ငံထဲကိုသာမကဘဲ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအားလုံးအပေါ် သက်ရောက်မှုရှိနေတယ်လို့လည်း ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ နီကွန်ဒက်ဂျ်က “ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် ထောက်ခံပြောဆိုသူဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို မြှင့်တင်လိုသူအနေနဲ့ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို အလေးထားဖို့အတွက် အင်မတန်အရေး ကြီးပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအတွင်း ပဋိပက္ခအုပ်စုတွေအားလုံးအကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ကြားဝင်ဆောင် ရွက်ပေးဖို့ ထိုင်းနိုင်ငံဘက်က အသင့်ရှိနေတာပါပဲ။ တကယ်လို့သူတို့ကသဘောတူရင် ကျွန်တော်တို့အနေနဲ့ စတင်ဖို့အဆင် သင့်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

သူ့ရဲ့ပြောကြားချက်တွေအရ လက်ရှိမှာဆိုရင် မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ဒုက္ခသည် ပြည်သူအများစုကလည်း နေရပ်ကို ပြန်ကုန်ကြပြီဖြစ်ပြီး အခြေအနေက အလွန်အမင်းအကျပ်အတည်းဆိုက်နေတဲ့ အချိန်မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို သက်ရောက်မှုတွေကလည်း ခေတ္တသာဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့သော ၄၈ နာရီအတွင်း နယ်စပ်ဒေသအတွင်း သေနတ်သံတစ်ချက်မှမကြားရဘူးလို့ ဌာနေပြည်သူတွေက ပြောကြတာကြောင့် နှစ်နိုင်ငံနယ်စပ်အခြေအနေက တိုးတက်ကောင်းမွန်လာတယ်လို့လည်း သိရပါတယ်။

ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ-နူကူရာ ဥက္ကဋ္ဌအဖြစ်ခေါင်းဆောင်တဲ့ ထိုင်း- မြန်မာနယ်စပ်တစ်လျှောက်အခြေအနေကို တာဝန်ခံရတဲ့ ကော်မတီက အခုဆိုရင် တာဝန်တွေပေးသွားဖို့ အမျိုးသားလုံခြုံရေးကောင်စီနဲ့ အတူ ကော်မတီခွဲတွေ ဖွဲ့စည်းသွားနိုင်ဖို့ ညှိနှိုင်းစဉ်းစားနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ မစ္စတာပန်ပရီက ဧပြီလ ၂၃ ရက် မွန်းလွဲပိုင်းမှာ နယ်စပ်ရှိမဲဆောက်မြို့ကို ရောက်ခဲ့ရာမှာ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးမှာ ဧပြီလ ၂၁ ရက် တနင်္ဂနွေနေ့ကစလို့ ပစ်ခတ်မှုတွေမရှိတော့ဘဲ စစ်ဘေးရှောင်ပြည်သူတွေလည်း မြန်မာနိုင်ငံဘက်ကို ပြန်ကုန်ပြီလို့ပြောခဲ့ပါတယ်။

မြန်မာဘက်ခြမ်းကစစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်က ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေအပေါ် သက်ရောက်မှုရှိတာတွေကို ဖြေရှင်းပေးဖို့ သူကအာမခံခဲ့ပါတယ်။ ဧပြီလ ၂၄ ရက်မှာတော့ ထိုင်းနိုင်ငံဘက်ကိုရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေအနက် နောက်ဆုံးအသုတ်လည်းဖြစ်တဲ့ မြန်မာပြည်သူ ၆၅၈ ဦးဟာ မြန်မာနိုင်ငံဘက်ခြမ်း၊ မြဝတီမြို့ဘက်မှာ တိုးတက်ကောင်းမွန်လာတဲ့အခြေအနေတွေကြောင့် မဲဆောက်ကနေ ဌာနေကိုပြန်ကြဖို့ ထိုင်းဒေသအာဏာပိုင်တွေနဲ့ သဘောတူခဲ့ကြပါတယ်။ ဒုက္ခသည်တွေ နယ်စပ်ရှိ သောင်ရင်းမြစ်ကိုဖြတ်ပြီး မြဝတီသို့မပြန်ကြမီ သူတို့အတွက် ဆေးဝါးတွေအပါအဝင် လိုအပ်တဲ့ပစ္စည်းတွေကို ထိုင်းနိုင်ငံကထောက်ပံ့ပေးခဲ့ပါတယ်။

လက်နက်ကိုင် ကေအန်ယူအုပ်စု ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့အနေနဲ့ မြဝတီဒေသမှ ခေတ္တဆုတ်ခွာပေးခဲ့ခြင်းသာဖြစ်ပြီး မြန်မာ့တပ်မတော်ရဲ့ မဟာဗျူဟာမြောက်စစ်ဆင်ရေးအပြီး ပြန်လာမှာဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *