ဖြိုးဝေ
၂၃. ၉. ၂၀၂၅
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီတွေဟာ ရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံးရဲ့ ထက်၀က်ကို မပြိုင်နိုင်ရင် ပါတီဖျက်သိမ်းရမယ့် ကန့်သတ်ချက်ကို လေးပုံတစ်ပုံအထိ လျှော့ချ ပြင်ဆင်ပေးခဲ့တဲ့ ဒီတစ်ပတ်မှာပဲ စက်တင်ဘာ ၁၉ ရက်မှာ လာရောက်ဖို့ ကနဦးစီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာခရီးစဉ်ကို အောက်တိုဘာလထဲ ရွှေ့ဆိုင်းလိုက်တာနဲ့ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လျှောက်ထားနိုင်ပြီလို့ ကြေညာမှုတွေ တွေ့ခဲ့ရပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုအဖြစ်လည်း ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မူးယစ်ဆေးဖြန့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB က ကမ္ဘာသိအောင် သတင်းစာရှင်းလင်း ပြောကြားလာတာနဲ့ အမေရိကန်သမ္မတက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို မူးယစ်ဆေးဝါး ဖြတ်သန်း ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေအဖြစ် သတ်မှတ်လိုက်တဲ့ ဖြစ်စဉ်တွေလည်း မြင်ခဲ့ရပါသေးတယ်။
အခြားတစ်ဖက်မှာလည်း အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လှုံ့ဆော်စာရေးသားထားတဲ့ စတေကာလိုက်လံကပ်သူတွေ၊ ပို့စ်တင်သူတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူတာ ၁၂ ဦးအထက်ဖြစ်လာတာ၊ ရွေးကောက်ပွဲအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူထားတဲ့ အသက် ၁၈ နှစ်နဲ့အထက်ရှိသူတွေရဲ့ အတည်ပြုလူဦးရေစာရင်းကို UEC ကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ပြောကြားလာတာ၊ TNLA ဟာ စစ်ရှုံးပြီး ထွက်ပြေးချိန်မှာ မိုင်းထောင်ဖောက်ခွဲခဲ့တာကြောင့် ပျက်စီးခဲ့ရတဲ့ သမိုင်းအမွေအနှစ် ဂုတ်ထိပ်တံတားကို မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည် တည်ဆောက်နေတာ၊ ရွေးကောက်ပွဲကို အထူးအလေးထား ကြိုဆိုထောက်ခံကြောင်းနဲ့ ချီဖွေ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ထုတ်ပြန်လာတာ၊ မြန်မာနိုင်ငံက တရုတ်ကျားဖြန့်လိမ်လည်မှုဂိုဏ်းတွေက နေ့စဉ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပစ်မှတ်ထားရှာဖွေနေတယ်လို့ မလေးရှားအခြေစိုက် Malaysia International Humanitarian Organisation (MHO) က ဖွင့်ဟလာတာနဲ့ တပ်မတော်ထိုးစစ်ကြောင့် ဒီနှစ် ရှစ်လအတွင်း KNU/KNLA ထိန်းချုပ်နယ်မြေမှာ KNU/KNLA နဲ့ PDF လက်နက်ကိုင် ၁၅၀ သေသွားတယ်လို့ KNU ပြောလာတာတွေအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းမှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ TNLA နယ်မြေလုယက် ထိန်းချုပ်ရာ ကွတ်ခိုင်မှာ ရွှေကွတ်ခိုင်အထူးကုဆေးခန်းဖွင့်ထားတဲ့ အသက် ၃၇ နှစ်အရွယ် ဒေါက်တာအောင်ဖြိုးနိုင်ဆိုတဲ့ ဆရာဝန်က အသက် ၁၄ နှစ်အရွယ် အသက်မပြည့်သေးတဲ့ ဆေးခန်းအကူအမျိုးသမီးငယ်ကို ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် သက်ငယ်မုဒိမ်းပြုကျင့်တာကို TNLA ထိရောက်စွာ အရေးမယူခဲ့တဲ့ဖြစ်စဉ်တွေနဲ့ မောင်တောကို နယ်မြေလုယက်သိမ်းယူထားပေမဲ့ ပြည်သူကို လုံခြုံအောင် ကာကွယ်မပေးနိုင်တဲ့ AA က ဘင်္ဂါလီလက်နက်ကိုင် ARSA ၊ RSO တို့ ဘေးရန်ကို ရခိုင်ပြည်သူတွေ သတိပြုပါလို့ စာထုတ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်။
ဒီလိုဖြစ်စဥ်တွေ အများအပြားရှိပေမယ့် ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ CDM မလုပ်လို့ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၉ ဦးကို NUG ဩဇာခံ ပသုံးလုံး PDF တွေ ရက်ရက်စက်စက်သတ်လိုက်ကြတာ၊ အမေရိကန် USAID ရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် အထိနာနေတဲ့ ထောက်ပံ့ခံမီဒီယာတွေကို ထပ်မံထိုးနှက်မှုအဖြစ် ဆွီဒင်ကပါ ထောက်ပံ့မှုဖြတ်တောက်လိုက်လို့ ပြည်ပရောက်မီဒီယာတွေဟာ လာမယ့်နှစ်ကစ ဆွီဒင်က နှစ်စဉ်ရနေတဲ့ ဒေါ်လာ ၂၅ သိန်းခန့်ကို လက်လွှတ်ရမယ်ဆိုတာနဲ့ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ရုံးဖွင့်လှစ်တာ၊ တရားမဝင် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်မှု ခွင့်ပြုမှာမဟုတ်ကြောင်းနဲ့ မြို့တော် ဒီလီမှာ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ဖို့ တီမော နိုင်ငံခြားရေးဝန်ကြီး ကမ်းလှမ်းလာတာတွေကို သုံးသပ်ချင်ပါတယ်။
◾ CDM မလုပ်တဲ့ အမျိုးသမီး ၉ ယောက်ကို ရက်ရက်စက်စက် သတ်လိုက်ကြတဲ့ ယင်းမာပင် PDF

ငါတို့ကို လူထုက ထောက်ခံတယ်ဆိုပြီး ပြည်သူတွေကို သတ်ဖြတ်၊ လုယက်၊ မုဒိမ်းကျင့်၊ ပြန်ပေးဆွဲပြီးရင် ဒီလို လုပ်ရတာက “စစ်တပ်ထောက်ခံတဲ့ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူမို့လို့ပါ”လို့ ဆင်ခြေပေးလိုက်တာနဲ့ မျက်စိမှတ်ထောက်ခံသူတွေဆီက လက်ခုပ်သံရတာ၊ ကျုးလွန်ခံရသူတွေက ထပ်အသတ်ခံရမှာစိုးလို့ အသံမထွက်ရဲတာတွေကြောင့် ပြည်သူ့တပ်မတော်အမည်ခံထားတဲ့ NUG ရဲ့ ပသုံးလုံး PDF တွေဟာ ပြည်သူ ၁၀၀၀၀ လောက်ကို ရက်ရက်စက်စက်သတ်ထားကြသလို အခုလည်း PDF တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုတစ်ခုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ဆားခါးကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၉)ဦး ဖမ်းဆီးသတ်ဖြတ်လိုက်မှု အပုပ်နံ့ဟာ ဒီတစ်ပတ်မှာ ထပ်မံ ထွက်ပေါ်လာပြန်ပြီဖြစ်ပါတယ်။
ဒီလိုရက်စက်ယုတ်မာတဲ့လုပ်ရပ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့ ည ၈ နာရီအချိန်မှာ ဆားလင်းကြီးမြို့အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ ဆားခါးကျေးရွာက ပကဖ၊ ပအဖတွေဖြစ်တဲ့ ဦးဇော်လင်းနဲ့ဦးမောင်ချိုတို့ဦးဆောင်ပြီး တစ်ရွာလုံးကိုမီးမှိတ်ခိုင်းကာ ယင်းမာပင်ခရိုပ်တပ်ရင်း-၂၈ က လက်နက်ကိုင် PDF တွေနဲ့အတူ မချစ်ချစ်ဝင်း(၄၅)နှစ်၊ မယဉ်ယဉ်ခိုင် (၃၇)နှစ်၊ မခိုင်ယဉ်မွန် (၃၅)နှစ်၊ မဇာဇာဝင်းစိုး (၄၅)နှစ်၊ မသလ္လာ (၃၇)နှစ်၊ မမိုးမြင့်သူ (၃၃)နှစ်၊ ဒေါ်စန်းလွင် (၆၀)နှစ်၊ ဒေါ်မော် (၄၉)နှစ်နဲ့ မသန္တာဝင်း (၃၆)နှစ်တို့ကို ဆားလင်းကြီး တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံမှာ ဆက်လက်လုပ်ကိုင်နေပြီး CDM မလုပ်ဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်ဖမ်းပြီးနောက်မှာ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြတာပါ။ ဒီလိုသတ်ဖြတ်တဲ့အထဲမှာ မယဉ်ယဉ်ခိုင်ဟာ ကိုယ်ဝန်လေးလရှိနေသလို အမျိုးသမီးတချို့ကိုတော့ မုဒိမ်းကျင့်သတ်ဖြတ်တာ၊ တချို့ကို အပိုင်းပိုင်းဖြတ်သတ်လိုက်တာ၊ တချို့ကို လည်လှီးသတ်ဖြတ်လိုက်တာလို့လည်း ဒီအမျိုးသမီး ၉ ဦးကို PDF တွေ ရက်ရက်စက်စက်သတ်တာ အခုမှသိရတဲ့ပြည်သူတွေဆီက မချိတင်ကဲအသံတွေလည်း ကြားရပါသေးတယ်။
ဒီအမျိုးသမီး ၉ ဦးကို PDF တွေ သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်နဲ့ Press Officeကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုမှု မရှိသေးကြောင်း Burma VJ က ဖော်ပြထားသလို လက်နက်ကိုင် စစ်သုံပန်းကိုတောင် သတ်ဖြတ်ခွင့်မရှိဘူးလို့ စည်းမျဥ်းတွေ ထုတ်ပြန်ထားပေမဲ့ PDF တွေကတော့ တရားလက်လွတ် သတ်ဖြတ်တာ အမြဲတမ်းဖြစ်နေပြီဖြစ်ပြီး ဒီလိုဖြစ်ရပ်တွေကိုလည်း ပြည်ပထွက်ပြေးနေတဲ့ NUG က တားမြစ်နိုင်စွမ်း၊ အရေးယူနိုင်စွမ်းမရှိပါဘူး။ လက်ရှိအချိန်မှာလည်း ယင်းမာပင် PDF တွေ လက်ရဖမ်းဆီးသွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လက်နက်မဲ့ အမျိုးသမီး ကိုးဦးကို PDF တွေက ရက်စက်စွာ သတ်ဖြတ်လိုက်မှုကိုလည်း သတင်းစတင်တဲ့ Burma VJ သတင်းအောက်မှာ ဝေဖန်ရှုတ်ချနေကြပြီး နေညိုအေး အကောင့်ပိုင်ရှင်က “စစ်မြေပြင်မှာ တိုက်လို့ မနိုင်လို့ အလံဖြူထောင် လက်နက်ချခဲ့ကြတဲ့ ရန်သူ စစ်သားစစ်စစ်ကြီးတွေကိုတောင် ခင်ဗျားတို့တွေ မသတ်ဘဲနဲ့ ထမင်းကျွေး ထိန်းသိမ်းထားကြသေးတာပဲဗျာ။ ခုဟာက မိန်းကလေးတွေလည်း ဖြစ်တယ်။ ပြီးတော့ ရဲမေတွေလည်း မဟုတ်ဘူး။ အရပ်ထဲကတွေပါ။ CDM မလုပ်တဲ့အပြစ်လေးလောက်နဲ့တော့ အဲ့လိုမလုပ်သင့်ဘူးလို့ ထင်ပါတယ်”လို့ဝေဖန်ထားသလို Kyaw Zin Htet အကောင့်ပိုင်ရှင်ကလည်း “မည်သည့်အဖွဲ့အစည်းက လုပ်သည်ဖြစ်စေ အရေးယူဖို့ လိုအပ်ပါတယ်။ အာဏာရှင်စနစ်ကို မကြိုက်လို့ တိုက်ယူနေရတာပါ။ အာဏာရှင်လက်သစ်ဖြစ်ချင်တဲ့ ဘယ်လိုကောင်မျိုးမဆို ပြည်သူက လက်ခံမှာမဟုတ်ဘူး။ PDF ဖြစ်စေ။ စစ်တပ်ကဖြစ်စေ။ ပအဖ ဖြစ်စေ။ ပကဖ ဖြစ်စေ။ NLD ဖြစ်စေ။ ကြံ့ခိုင်ရေးဖြစ်စေ။ ဒီမူကိုလက်ကိုင်ထားရင် ပြည်သူ့မေတ္တာစူးမယ်။ သံသရာမကောင်းစေရဘူး။ တူသောအကျိုး ပြန်ကိုပေးရမယ်။ ဒါဟာ နိုင်ငံရဲ့ အရှင်သခင် ပြည်သူ့ကျိန်စာ ဖြစ်တယ်”လို NUG နဲ့ PDF တွေကို ကျိန်စာတိုက်ထားတာလည်း တွေ့ရပါသေးတယ်။
လူထုထောက်ခံတယ်ဆိုတဲ့ တလွဲယုံကြည်ချက်ကို NUG နဲ့ PDF တွေဟာ ဒီလေးနှစ်ကျော်အတွင်းမှာ အလွန်အကျွံအသုံးချသွားခဲ့ရာမှာ NUG ထိပ်ပိုင်းတွေဟာ လူသတ်ဓားပြတိုက် ပသုံးလုံး PDF တွေကို အရေးမယူနိုင်မှု၊ သူတို့ကိုယ်တိုင်လည်း ပြည်သူ့အလှူငွေကိုယ်ကျိုးသုံး ခိုးဝှက်ပြီး စာရင်းမရှင်းနိုင်မှု၊ အလှုငွေတွေနဲ့ မယားငယ်ထား၊ ပြည်ပမှာ ဇိမ်ခံ၊ လုပ်ငန်းများစွာ ထူထောင်မှုတွေနဲ့ နာမည်ပျက်ကြသလို PDF တွေကိုယ်တိုင်ကလည်း ပြည်သူတွေကို သတ်ဖြတ်၊ လုယက်၊ မုဒိမ်းကျင့်၊ ပြန်ပေးဆွဲ၊ မူးယစ်ဆေးဖြန့်မှုတွေနဲ့ နာမည်ပျက်ပါတယ်။ ဒီလို နာမည်ပျက်နေတဲ့ PDF တွေကို NUG က ထိန်းချုပ်လိုက်ရင် ရနေတဲ့ ငွေတွေ၊ ပြည်ပမှာ ဇိမ်ကျနေရတဲ့ဘ၀တွေ ပျက်ကုန်မှာစိုးရိမ်လို့၊ အရေးယူလိုက်ရင် ပုန်ကန်မှာစိုးလို့ NUG က PDF တွေကို မပြောရဲ၊ အရေးမယူရဲဖြစ်ချိန်မှာ စည်းလွတ်ဘောင်လွတ် PDF တွေဟာ ငါတို့သတ်လည်း၊ မုဒိမ်းကျင့်လည်း၊ ပြန်ပေးဆွဲ ဓားပြတိုက်လည်း ဘာမှမဖြစ်ဘူးဆိုပြီး ပိုကျူးလွန်ရာက ပြည်သူတပ်မတော်ဆိုတဲ့ နာမည်ကနေ စစ်ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ လက်နက်ကိုင်တွေဖြစ်လာနေပါတယ်။ တကယ်တော့ လူထုဟာ သူတို့ကို စောင့်ရှောက်တဲ့ တပ်မတော်ဖြစ်လာမယ်ထင်လို့ NUG နဲ့ PDF တွေကို လက်နက်တွေဝယ်ပေး၊ ငွေတွေလှူပေးနဲ့ ထူထောင်ပေးခဲ့တာပါ။ NUG နဲ့ PDF တွေ လက်နက်ပြည့်စုံလို့ အင်အားတောင့်တင်းလာချိန်မှာတော့ ဒီလက်နက်ကိုင်တွေလည်း သတ်တယ်၊ ငါတို့လည်းသတ်မယ်။ ဒီလက်နက်ကိုင်တွေလည်း လုတယ်၊ ငါတို့လည်းလုမယ်။ ဒီလက်နက်ကိုင်တွေလည်း မုဒိမ်းကျင့်တယ်၊ ငါတို့လည်း ကျင့်မယ်။ ဒီလက်နက်ကိုင်တွေလည်း ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်၊ လူထုနေအိမ်ဖောက်တယ်၊ ငါတို့လည်း ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်၊ လူထုနေအိမ်ဖောက်မယ်။ ဒီလက်နက်ကိုင်တွေလည်း ခိုးတယ်၊ဝှက်တယ်၊ လူထုကို အနိုင်ကျင့်တယ်၊ ငါတို့လည်း ခိုးမယ်၊ဝှက်မယ်၊ လူထုကို အနိုင်ကျင့်မယ်ဆိုတဲ့ အကြမ်းဖက် လက်နက်ကိုင်တွေအဖြစ်ပဲ ပြည်သူက NUG နဲ့ PDF ကို ပြန်ရခဲ့တာပါ။ နောက်ဘုန်းကြီးက နှစ်ချက်ခေါက်ချိန်မှာ NUG နဲ့ PDF တွေကို ကြောက်နေရတဲ့ ပြည်သူက အသံမထွက်ရဲတော့တာလည်း သံဝေဂရစရာဖြစ်သလို ဒီလို စစ်ရာဇဝတ်မှုကျူးလွန်နေသူတွေကို အကြောက်တရားနဲ့ ဆက်ထောက်ခံနေရင် ဆယ်စုနှစ်နဲ့ချီ ပိုပြီး ဝဋ်ခံကြရတော့မှာလည်း အသေအချာပါပဲ။
◾ ဆွီဒင်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် အထိနာတဲ့ ပြည်ပြေးမီဒီယာ

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ဒ် ထရမ့်ပ် တစ်ကျော့ပြန်တက်လာချိန်မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မီဒီယာတွေအတွက် အမေရိကန် ဒေါ်လာ ၄၅ သန်းအပါအဝင် ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကို ထောက်ပံ့ဖို့ ခန့်မှန်းထားတဲ့ ဒေါ်လာ ၂၅၉ သန်းကို ဖျက်သိမ်းလိုက်တာပါ။ ဒီလိုမျိုး ဒေါ်လာ သန်းရာချီ ငွေကြေးထောက်ပံ့မှုကို လုပ်ဆောင်ပေးနေတဲ့ USAID ကို ဖျက်သိမ်းမှုနဲ့အတူ ထရမ့်ပ်သက်တမ်းအတွင်း မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီအမည်တပ် ထောက်ပံတဲ့ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့်ပါ ဖြတ်တောက်ခံရချိန်မှာ တစ်နှစ်ကို ဒေါ်လာ သန်း ၄၀ ခန့်ထောက်ပံ့နေတဲ့ ဆွီဒင်အစိုးရကပါ လာမယ့်နှစ်ကစ မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှုဖြတ်တောက်မယ်လို့ ကြေညာလာတာဟာ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အခက်ကြုံနေရတဲ့ မြန်မာလူထုကို မျောက်ပြဆန်တောင်းတဲ့ပုံစံနဲ့ ပြည်ပနိုင်ငံတွေဆီက ငွေတောင်းခံပြီး ရပ်တည်နေတဲ့ မီဒီယာတွေ၊ လူ့အခွင့်အရေးခေါင်းစဉ်အောက် ဘင်္ဂါလီအရေးလုပ်ဆောင်သူတွေ အဓိက အထိနာစေခဲ့ပါတယ်။
ဆွီဒင်နိုင်ငံရဲ့ ထောက်ပံ့ခံနိုင်ငံတွေထဲ တတိယအများဆုံးထောက်ပံ့ခံနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေက တိုးတက်မှုမရှိလို့ ဆွီဒင်အစိုးရက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းမှာဖြစ်ပေမဲ့ ဒီ ၂၀၂၅ အတွက်တော့ ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (SIDA) က လက်ရှိ သဘောတူညီချက်တွေအရ ပူးပေါင်းဆောင်ရွက်မှု မရပ်ဆိုင်းမီ မြန်မာနိုင်ငံကို လက်ရှိ ထောက်ပံ့နေတဲ့ ကဏ္ဍစုံရန်ပုံငွေ ဆွီဒင်ခရိုနာငွေ (SEK) ၁၇၅ သန်း(ဒေါ်လာ ၁၉ သန်းခန့်) နဲ့ ၂၀၂၆ ခုနှစ်အတွက် ခရိုနာ ၁၄၀ သန်း (၁၅ သန်းခန့်) အထိ ထောက်ပံ့ပေးသွားဦးမှာပါ။ ဒါပေမဲ့ ဆွီဒင်ဟာ မြန်မာနိုင်ငံကို တစ်နှစ် ခရိုနာ သန်း ၄၅၀ နီးပါးထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်လို့ လာမယ့်နှစ်မှာ ဒီလို ထောက်ပံ့မှု ရပ်ဆိုင်းတာဟာ ပြည်ပရောက် Exile မီဒီယာတွေအဖို့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း (ဒေါ်လာ ၂၄ သိန်း) ခန့်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အမေရိကန်ဒေါ်လာ ၂၅၅,၀၀၀ ခန့် အသားတင်ရနေမှု ဆုံးရှုံးသွားမှာပါ။
ပြီးခဲ့တဲ့ NLD အစိုးရဟောင်းလက်ထက်မှာ မြန်မာ့မီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေဟာ မီဒီယာတွေဆီကို တိုက်ရိုက်မစီးဆင်းတော့ဘဲ NLD အစိုးရကနေ စီးဆင်းတဲ့ပုံစံ ပြောင်းလဲသွားချိန်မှာ လက်ရှိအချိန် ပြည်ပရောက်နေတဲ့ Exile မီဒီယာတွေဟာ ပြည်တွင်းမှာ အခက်ကြုံပြီး လစာတောင် မပေးနိုင်တော့တဲ့အဆင့် ရောက်ကုန်ကြသလို NLD အစိုးရဟောင်းကလည်း မီဒီယာဖွံ့ဖြိုးရေးထောက်ပံ့ငွေတွေကို NLD မီဒီယာ ဖွံ့ဖြိုးရေးပုံစံ ကိုယ်ကျိုး သုံးစွဲသွားတာပါ။ ဒီလိုမျိုး ဖြစ်စဉ်တွေနဲ့ ဖွံ့ဖြိုးမှုမဲ့ မြန်မာ့မီဒီယာတွေဟာ NLD အစိုးရဟောင်းရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြမှုမရှိဘဲ ဘာလုပ်လုပ်မှန်တယ်လို့ မြှောက်ပေးခဲ့တာတွေရဲ့ ဆိုးကျိုးအဖြစ် အထိန်းအကွပ်မဲ့သွားတဲ့ NLD အစိုးရဟောင်းဟာ ဝေဖန်ထောက်ပြမယ့် မီဒီယာတွေကတောင် ရိုကျိုးပြမှုမှာ စိတ်ကြီးဝင်သွားခဲ့ပြီး ချင့်ချိန်နိုင်စွမ်းမရှိတော့ဘဲ မီဒီယာအားကိုး၊ ဝါဒဖြန့်ချိမှုအားကိုး၊ လူထု ထောက်ခံတယ်လို့ ထင်မြင်တဲ့ တလွဲမာနတွေအားကိုးနဲ့ အာဏာအလွဲသုံးစားလုပ် မဲမသမာမှုဖြစ်ချိန်မှာ မြန်မာနိုင်ငံဟာ Democracy Backwave ရိုက်ပြီး NLD အစိုးရဟောင်းလည်း ဖြုတ်ချခံခဲ့ရတာပါ။ အဲဒီအချိန်မှာ မီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေ NLD အစိုးရဟောင်း ခေါင်းပုံဖြတ်သွားလို့ လစာတောင်မပေးနိုင်တဲ့ မီဒီယာတွေဟာ Backwave ကို အခွင့်ကောင်းယူ တတိယနိုင်ငံကြီးတွေဆီ ခိုလှုံခွင့်တောင်း၊ ဖြုတ်ချခံ NLD အစိုးရဆီ ထောက်ပံ့မယ့် မီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေ ပရိုပိုဆယ်ရေးပြီး ပြန်တောင်းနဲ့ နိုင်ငံပေါင်းစုံ၊ NGO မျိုးစုံဆီက သန်းရာချီရတဲ့ မီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ပြည်ပနိုင်ငံကြီးတွေမှာ အခြေချခဲ့တာ မြင်ရပါတယ်။ ဒီနေရာမှာ Exile Media တွေအဖို့ စစ်ပွဲတွေဆက်ဖြစ်နေမှ မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေးရန်ပုံငွေတွေ သူတို့ဆက်ရနေမှာဖြစ်တာကြောင့် ပြည်တွင်းကဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ပိုပြီးဆိုးသထက်ဆိုးအောင် တို့မီးရှို့မီးသတင်းတွေ၊ မမှန်သတင်းတွေ၊ အမုန်းတရားကို လောင်စာထည့်မီးတွေ၊ တစ်ဝက်မှန် တစ်ဝက်မှားသတင်းတွေနဲ့ သွေးဆူအောင်လုပ်ဆောင်လာချိန်မှာ မြန်မာနိုင်ငံရေးဟာ တိုးတက်မလာဘဲ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာချိန်မှာ အကျိုးဆက်အဖြစ် အမေရိကန်တို့ ဆွီဒင်တို့ကပါ အခြေအနေမှန်ကို အကဲဖြတ်သွားနိုင်ချိန်မှာ ထောက်ပံ့မှုတွေ ရပ်တော့တာပါပဲ။ အမေရိကန်တို့ ဆွီဒင်တို့ဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအကူအညီ တစ်နှစ်ကို ဒေါ်လာသန်း ၃၀၀၊ ၄၀၀ ပေးနေတယ်ဆိုတာကို မြန်မာလူထုက ပေးနေတာရပ်မှ သိရပြီး ဒီငွေတွေကို လူမသိသူမသိ ခံစားနေရင်း မြန်မာနိုင်ငံမှာ စစ်မီးပိုတောက်လောင်အောင် လုပ်ဆောင်နေတဲ့ မီဒီယာတွေဟာ လက်ရှိအချိန်မှာတော့ ကိုယ့်အကုသိုလ်ကိုယ် အကျိုးပေးစပြုလာပြီလို့ ပြောရမှာပါ။ ဒါ့အပြင် တခြားသော နော်ဝေတို့၊ ဗြိတိန်တို့၊ ဂျာမနီတို့ ကနေဒါတို့ ဥရောပနိုင်ငံတွေ၊ NGO တွေဟာလည်း အမေရိကန်နဲ့ ဆွီဒင်တို့လို မြန်မာပြည်သူလူထုကို တိုက်ရိုက်ပေးတာမဟုတ်ဘဲ မီဒီယာတွေ၊ ဘင်္ဂါလီအရေးလုပ်ဆောင်သူတွေကို ငွေထောက်ပံ့တာဟာ နိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းမှုထက် အဓိကရုဏ်းတွေနဲ့ ပိုဂယက်ရိုက်စေတတ်တယ်ဆိုတာကို နားလည်ပြီး ဒီလိုမျိုး ပဋိပက္ခကို မီးထိုးနေတဲ့အဖွဲ့အစည်းတွေအပေါ် ထောက်ပံ့မှုရပ်တန့်ကြရင် မြန်မာနိုင်ငံနဲ့ ပြည်သူအဖို့ လိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းမှုက ပိုမိုကောင်းမွန်တဲ့ ရလဒ် ထွက်လာပါလိမ့်မယ်။
◾ တီမော မာယာ
ပြီးခဲ့တဲ့ ၈၈၈၈ ဖြစ်စဉ်အပြီးမှာ ပြည်ပကိုထွက်ပြေးပြီး အစိုးရဖွဲ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်းတို့ရဲ့ NCGUB ဆိုတဲ့ ပြည်ပရောက်အစိုးရအဖွဲ့ ကို ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တီမော (တီမောလက်စ်တေ)တို့က အသိအမှတ်ပြုခဲ့တာပါ။ ဘာကြောင့် အသိအမှတ်ပြုခဲ့တာလဲဆိုရင် NCGUB ဟာ အခု လက်ရှိ NUG၊ PDF လိုမျိုး သံဃာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေ၊ ကျောင်းသူကျောင်းသားတွေ စတဲ့ ပြည်သူထောင်သောင်းချီကို အကြမ်းဖက် မသတ်ခဲ့တာကြောင့်ပါ။
လက်ရှိမှာတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေပြုလုပ်နေတဲ့ NUG ကို စင်ပြိုင်အစိုးရအဖြစ်တောင် အမေရိကန်တို့ ကုလသမဂ္ဂတို့လို နိုင်ငံတွေ အဖွဲ့အစည်းတွေ ဘယ်ကမှ အသိအမှတ်မပြုတော့ပေမဲ့ နိုင်ငံတစ်ခုကတော့ ဆိုးဆိုးရွားရွား စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း NUG ကို အသိအမှတ်ပြုထားဆဲဖြစ်ပြီး အဲဒီနိုင်ငံကတော့ ၈၈၈၈ ဖြစ်စဉ်တုန်းက NCGUB ကို အသိအမှတ်ပြုပေးခဲ့တဲ့ တီမောပါပဲ။ တီမောဟာ NUG ကို အသိအမှတ်ပြုပေးမှုအပြင် တီမောဝန်ကြီးချုပ် Xanana Gusmao ကလည်း အာဆီယံအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်စွမ်းမရှိဘူးဆို အာဆီယံအဖွဲ့ထဲ ဝင်ရောက်တော့မှာ မဟုတ်ဘူးလို့ အလွန်အကျွံပြောခဲ့တာ၊ NUG ကို အသိအမှတ်ပြုပေးတာတွေလည်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ မြင်ရပါသေးတယ်။ ဒါတွေကြောင့် မြန်မာအစိုးရဘက်ကလည်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်ကစပြီး NUG၊ CRPH၊ PDF နဲ့ လက်အောက်ခံအဖွဲအစည်းတွေကို အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ကြားက တီမောအစိုးရဟာ NUG နဲ့ အဆင်အခြင်မဲ့စွာ တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ပိုလုပ်ဖို့ အားပေးအားမြှောက်လည်း လုပ်ခဲ့တာကြောင့် တီမောသံရုံးက သံရုံးယာယီတာဝန်ခံကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက် နောက်ဆုံးထားပြီး ထွက်သွားဖို့ နှင်ထုတ်ခဲ့ပါသေးတယ်။
Xanana Gusmao က အာဆီယံထဲမဝင်တော့ဘူးလို့ ပါးစပ်က ပြောပေမဲ့ လက်တွေ့မှာတော့ အာဆီယံကို တီမောဆက်ဝင်ဖို့ကြိုးပမ်းနေလို့ မြန်မာအစိုးရဘက်က ကန့်ကွက်ချိန်မှာ ဝန်ကြီးချုပ်အဆင့်နဲ့တင် မပြီးသေးဘဲ ဒီနှစ်ဇူလိုင်လဆန်းပိုင်းမှာတင် သူတို့နိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့ မြန်မာအစိုးရက ကန့်ကွက်မှုအပေါ် အရှေ့တီမော သမ္မတဟိုဆေး ရာမို့စ် ဟော်တာကိုယ်တိုင်က ပယ်ချပြီး အဓိပ္ပါယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိဘူးလို ပြောခဲ့သေးတာပါ။ ဒါ့အပြင် ရာမို့စ်ဟော်တာက SAC အစိုးရကို ကျရှုံးနေပြီလိုလည်း ၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာသိပုပ်ခတ်ခဲ့သေးတာပါ။
အခုနောက်ပိုင်းမှာတော့ NUG ကို တရားဝင်အစိုးရအဖြစ်သတ်မှတ်ပြီး အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်၊ အာဆီယံမူဝါဒကို မလိုက်နာနိုင်တဲ့ တီမောဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်လာလို့ ကြိုးပမ်းမှုမှာ အခြားနိုင်ငံတွေ သဘောတူချိန် မြန်မာအစိုးရက ကန့်ကွက်တာကြောင့် သူတစ်ချိန်လုံး ပုပ်ခတ်ခဲ့တဲ့ မြန်မာအစိုးရကို တီမောသံရုံးယာယီတာဝန်ခံက ဇူလိုင်လထဲ လာတွေ့ပြီးတော့ တီမောမြို့တော်ဒီလီမှာ မြန်မာသံရုံးလာဖွင့်ဖို့အထိ တောင်းဆိုခဲ့တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အခု စက်တင်ဘာ ၁၈ ရက်မှာလည်း တီမောနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒိုစ် ဆန်းတိုစ် ဖရိတ် တက်စ် ဦးဆောင်တဲ့အဖွဲ့ မြန်မာနိုင်ငံကို ရောက်လာပြီး နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့သလို မြန်မာအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက ရုံးဖွင့်လှစ်တာ၊ တရားမဝင် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခြင်း ခွင့်ပြုမှာမဟုတ်တာနဲ့ မြို့တော် ဒီလီမှာ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ပါလို့ ထပ်မံ ကမ်းလှမ်းခဲ့တာလည်း တွေ့ရပါတယ်။
ဒီနေရာမှာ တီမောလိုချင်တာက မြန်မာအစိုးရက သူ့အာဆီယံဝင်ခွင့်ကို မကန့်ကွက်တော့ဘဲ လာမယ့် အောက်တိုဘာမှာ တီမောရဲ့ အာဆီယံဝင်ခွင့်ကို အာဆီယံနိုင်ငံအားလုံးက သဘောတူတယ်ဆိုတာကို လိုချင်တာပါ။ ဒီလို အာဆီယံနိုင်ငံအားလုံး သဘောတူမှလည်း အာဆီယံပဋိညာဥ် အခန်း (၆) အဖွဲ့ဝင်နိုင်ငံသစ်များ ဝင်ခွင့်ပြုခြင်းအခန်းက အပိုဒ် (၂) ရဲ့ အပိုဒ်ခွဲ (ခ)မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ချင်တဲ့ နိုင်ငံဟာ ”Recognition by all ASEAN Members State (အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက အသိအမှတ်ပြုခြင်း)”ဆိုပြီး တရားဝင်ပြဌာန်းချက်နဲ့ ကိုက်ညီမှာပါ။ ဒီလိုရလဒ်ရဖို့ NUG က ဘာမှ လုပ်မပေးနိုင်တာသိလို့ လက်ရှိအာဏာရအစိုးရဆီ တီမော နိုင်ငံခြားရေးဝန်ကြီး လာတွေ့တာဖြစ်ပေမယ့်လည်း စဉ်းစားရဦးမယ့် တီမောရဲ့ မာယာတွေက ကျန်ရှိနေဆဲပါ။
အဲဒီ မာယာတွေကတော့ မြန်မာအစိုးရဆီကို အာဆီယံဝင်ခွင့်ရဖို့ လာတွေ့ရာမှာ မြန်မာအစိုးရကို စော်ကားထားတဲ့၊ စကားတွေ ကျွံထားတဲ့၊ အကြီးဆုံးတာဝန်ရှိတဲ့ ဝန်ကြီးချုပ်နဲ့ သမ္မတ လာတာမဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးအဆင့်လောက်ပဲလာတာနဲ့ ၂၀၂၄ ခုနှစ်ကတည်းက အရှေ့တီမောမှာ ဖွင့်ခွင့်ပေးထားတဲ့ NUG ရဲ့ နိုင်ငံခြားဆက်ဆံရေးရုံးကို ပိတ်ပင်မှု မလုပ်ခဲ့တာပါ။ တီမောရဲ့ အကြံအစည်ဟာ အာဆီယံဝင်ခွင့်ရဖို့ နိုင်ငံခြားရေးဝန်ကြီးလောက်ပဲ လာတွေ့ပြီး မြန်မာနိုင်ငံက အာဆီယံဝင်ခွင့်ကို သဘောတူ ပေးလိုက်မှ နိုင်ငံခြားရေးဝန်ကြီးအဆင့်က ပြောတာကို ဝန်ကြီးချုပ်နဲ့ သမ္မတက လက်မခံဘဲ လူ့အခွင့်အရေး၊ စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတဲ့ ပြောနေကြစကားလုံးတွေနဲ့ ဆက်လက်ထိုးနှက်ချင်ဟန်ရှိပုံပါပဲ။ ဘာပဲပြောပြော အာဆီယံဟာ မိသားစုဆိုပေမဲ့ မြန်မာ့အရေးမှာ ပြေလည်မှုထက် ဖိအားနဲ့ တစ်ဖက်သတ်အနိုင်ကျင့်၊ ခွဲခြားဆက်ဆံမှုပဲ လုပ်နေတဲ့အချိန်မှာ တီမောကပါ ထပ်တိုးလာမယ်ဆိုရင် မြန်မာနိုင်ငံအဖို့ ကိုယ့်အပေါ် တရားဝင်ဖိအားပေးခွင့်ရလာမယ့် နိုင်ငံကို ကိုယ်တိုင် ခွင့်ပြုလိုက်ရသလိုဖြစ်မှာကြောင့် တီမောကို အာဆီယံဝင်ဖို့ သဘောတူချက်ပေးမယ်ဆို အရင်ဆုံးမှာ တီမောနိုင်ငံက NUG ရုံးကို ပိတ်သိမ်းတာမျိုး၊ တီမောသမ္မတကိုယ်တိုင် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လာရောက် တွေ့ဆုံတောင်းဆိုတာမျိုးနဲ့မှ တီမောရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့သင့်ကြောင်း ယူဆမိတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
