သတိုး
၂၂. ၁၀. ၂၀၂၅
ထိုင်းနိုင်ငံရေးလောက အကြီးအကျယ် ပြောင်းလဲမှုတစ်ခု ထပ်မံရင်ဆိုင်လာရမှုအဖြစ် ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝပ်ထရာက ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဖျူထိုင်း (Pheu Thai) ပါတီခေါင်းဆောင်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည်။
ပါတီဝင်များနှင့် အများပြည်သူသို့ အသိပေးခဲ့သော စာတွင် သူမက ရာထူးမှ နုတ်ထွက်ရခြင်းအပေါ် “ယနေ့မှာတော့ ကျွန်မဟာ ဖျူထိုင်းပါတီခေါင်းဆောင်ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ဟာ ကျွန်မ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ကြေညာခဲ့တဲ့အတိုင်း ဖျူထိုင်းပါတီကို အကြီးစား ပြုပြင်ပြောင်းလဲမှု စတင်ခြင်းရဲ့ အစဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ ဒီအပြောင်းအလဲဟာ စစ်မှန်တဲ့ ပြည်သူလူထုအတွက် ရဲရဲဝံ့ဝံ့ ပြောင်းလဲဖို့နဲ့ အမြင်သစ်တစ်ခုနဲ့ စတင်ဖို့ပါပဲ။ လက်ရှိမှာ ကမ္ဘာ့လူ့အဖွဲ့အစည်းဟာ မခန့်မှန်းနိုင်၊ အလွန်ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်တဲ့ ခေတ်ကာလမှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲနဲ့အတူ အရေးကြီးဆုံးသော အကူးအပြောင်းကာလကို ရောက်ရှိနေပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဖျူထိုင်းပါတီဟာ ရွေးကောက်ပွဲကို အနိုင်ရပြီးနောက်မှာ ထိုင်းနိုင်ငံကို အလုံးစုံ ပြောင်းလဲနိုင်ဖို့အတွက် ပါတီရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်နဲ့ အတွေးအခေါ်ပုံစံတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဖျူထိုင်းပါတီအတွက် အပြောင်းအလဲဟာ အမြန်ဆုံး စတင်ရမယ်လို့ ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီလို ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ ပြီးပြည့်စုံတဲ့ ပါတီအသစ်တစ်ရပ် တည်ဆောက်နိုင်ဖို့အတွက် ပါတီခေါင်းဆောင်ရာထူးကနေ နုတ်ထွက်ဖို့ ရွေးချယ်လိုက်တာပါ”ဟု ရှင်းပြခဲ့သည်။
◾️ ပေတုံတန် ဘာကြောင့် နုတ်ထွက်သလဲ
ပေတုံတန်က သူမ၏ နုတ်ထွက်မှုကို ပါတီပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ အစိတ်အပိုင်းအဖြစ် ပုံဖော်ခဲ့သော်လည်း၊ သူမ နုတ်ထွက်သည့်အချိန်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက သူမကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားလိုက်ခြင်း နောက်ပိုင်းတွင် ဖြစ်သည်။ ခုံရုံးသည် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်နှင့် သူမ၏ အသံဖိုင် စကားပြောဆိုမှုနှင့် ပတ်သက်၍ ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုများကြောင့် သူမကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
ပါတီစည်းမျဉ်းများတွင် အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း၊ ပါတီခေါင်းဆောင်များက လွှတ်တော် ကိုယ်စားလှယ်လောင်းများကို လက်မှတ်ထိုး ထောက်ခံပေးရသောကြောင့် ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ထုပယ်ခံရသော သူမက ဖျူထိုင်းပါတီ၏ နောင်အနာဂတ် ကိုယ်စားလှယ်လောင်း ထောက်ခံမှုကို ရှုပ်ထွေးစေနိုင်သည်။ သတင်းရင်းမြစ်တစ်ခုကလည်း ဝန်ကြီးချုပ်ရာထူးမှဖြုတ်ချခံရသော ပေတုံတန်က ဖျူထိုင်းပါတီကိုယ်စားလှယ်လောင်းများကို ထောက်ခံပေးနေသည်ကို ပြိုင်ဘက်များ ကန့်ကွက်လာပါက အခက်ကြုံနိုင်ကြောင်းကို “လျှောက်လဲချက် တင်သွင်းလာရင် ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်နိုင်မှာ မဟုတ်ဘူး” ဟု ရှင်းပြခဲ့ပြီး ဤလုပ်ရပ်ကို “ပါတီအပေါ် အနာဂတ်တွင် ထိခိုက်နိုင်မှုမှ ကြိုတင်ကာကွယ်မှု” ဟု ဖော်ပြခဲ့သည်။
◾️ လက်ရှိဝန်ကြီးချုပ်၏ လွှတ်တော်စောစီးစွာ ဖျက်သိမ်းမည့် အချက်ပြမှု
ပေတုံတန် နုတ်ထွက်ချိန်သည် ဝန်ကြီးချုပ် အနျူတင် ချန်ဗီရာကူလ်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ မတိုင်မီ လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့ခြင်းနှင့် တိုက်ဆိုင်နေသည်။
“ဘာမဆို ဖြစ်သွားနိုင်တယ်” ဟု အနျူတင် ကဆိုသည်။
ဘွမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင်လည်းဖြစ်သည့် အနျူတင်၏ ယုံကြည်ချက်သည် အောက်တိုဘာ ၁၉ ရက်နေ့က ကန်ချနပူရီ ခရိုင် ၄ နှင့် စက်တင်ဘာ ၂၈ ရက်နေ့က စစ်စကက် ခရိုင် ၅ တို့တွင် ဖျူထိုင်းပါတီအပေါ် အပြတ်အသတ် အနိုင်ရရှိခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ အောင်ပွဲများကြောင့် ဖြစ်သည်။
အနျူတင်သည် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်ရာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိ ၄၅ ဦးကို မဟာဗျူဟာမြောက် ရွှေ့ပြောင်းခဲ့ပြီးနောက်တွင် ဤအောင်ပွဲများ ရရှိခဲ့ခြင်းလည်းဖြစ်၍ ဘွမ်ဂျိုင်ထိုင်းပါတီသည် တတိယအကြီးဆုံးပါတီမှ ခေါင်းဆောင်ပါတီနေရာသို့ တက်လှမ်းနိုင်သည့် အလားအလာကို ပြသနေ၍ဖြစ်သည်။
အနျူတင်က လွှတ်တော်ဖျက်သိမ်းမည့်အချိန်ကို ဆုံးဖြတ်ခွင့်သည် သူ၏ အခွင့်အာဏာသာ ဖြစ်ပြီး မီဒီယာကို ကြိုတင် အသိပေးရန် တာဝန်မရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။
◾️ အနီ-အပြာ မဟာမိတ် ပြိုကွဲခြင်း
ပေတုံတန် အစိုးရလက်ထက်တွင် ဘွမ်ဂျိုင်ထိုင်းနှင့် မဟာမိတ်ဖြစ်သော “အပြာရောင် အထက်လွှတ်တော်အမတ်များ” ကို အားပေးသည်ဟု စွပ်စွဲခံရသော အထက်လွှတ်တော် အမတ်ရွေးချယ်မှု မမှန်မကန် လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးရန် ထောက်ခံခဲ့ချိန်မှစ၍ ညွန့်ပေါင်းအစိုးရ ပြိုကွဲမှု ပိုမိုပြင်းထန်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမ၏ အုပ်ချုပ်ရေးအဖွဲ့က ဘူရီရမ်ရှိ ခေါဝ်ကရာဒုံ သစ်တောရှိ မြေယာကျူးကျော်မှု ကိစ္စများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဤကိစ္စတွင် ဘွမ်ဂျိုင်ထိုင်း၏ အဓိက ဩဇာလွှမ်းမိုးသူဖြစ်သော ချစ်ချော့ (Chidchob) မိသားစု ပါဝင်ပတ်သက်ခဲ့ပြီး အငြင်းပွားနေသော မြေယာသည် ထိုင်းနိုင်ငံ မီးရထားလုပ်ငန်းပိုင်ဖြစ်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။
အထက်ပါ အမှုနှစ်ခု မပြီးဆုံးမီတွင် ထိုင်း- ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခ ပေါ်ပေါက်ခဲ့သည်။ ဟွန်ဆန်က စစ်ရှောင်ရှားရေးကိုသာ အဓိကထား ဆွေးနွေးထားသည့် ပေတုံတန်၏ ဆွေးနွေးမှု အသံဖိုင်ကို ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ဖော်ခဲ့ခြင်းသည် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက သူမကို “ကျင့်ဝတ်စံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း” နှင့် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းတို့အတွက် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချရန် အဓိက အကြောင်းအရင်းဖြစ်လာစေခဲ့သည်။
ရက်ပိုင်းအကြာ စက်တင်ဘာ ၈ ရက်နေ့တွင် သူမ၏ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရပြီး သူ့၏ ထောင်ဒဏ်ကာလ ပြန်လည် စတင်ခဲ့သည်။ ဖခင်နှင့် သမီး နှစ်ဦးစလုံး၏ အခက်အခဲများကြောင့် ညွန့်ပေါင်းမဟာမိတ်များနှင့် ယခင်က ထောက်ခံသူများသည် ဖျူထိုင်းပါတီ(အနီရောင်)ကို စွန့်ခွာကာ အနျူတင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
ဘွမ်ဂျိုင်ထိုင်းပါတီသည် လွှတ်တော်အမတ်နေရာ ၁၀၀ မပြည့်သော်လည်း အနျူတင်သည် ထိပ်တန်း အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီ (People’s Party- လိမ္မော်ရောင်) နှင့် သဘောတူညီချက် ရယူနိုင်ခဲ့သည်။ သဘောတူညီချက် စာချွန်လွှာအရ လိမ္မော်ရောင်ပါတီက အနျူတင်အား လေးလအတွင်း လူနည်းစု အစိုးရ ဖွဲ့စည်းရန်နှင့် လွှတ်တော်မဖျက်သိမ်းမီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတင်ရန် တောင်းဆိုထားသည်။
ဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်းတွင် အနျူတင်သည် ဖျူထိုင်းပါတီမှ အချို့အပါအဝင် ပါတီအမျိုးမျိုးမှ ထင်ရှားသော လွှတ်တော်အမတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး အပြာရောင်ပါတီ (ဘွမ်ဂျိုင်ထိုင်း) အတွက် နေရာတိုင်းတွင် အားသာချက်များ ရရှိစေခဲ့သည်။
◾️ အဘီဆစ် ပြန်လာခြင်း- အပြာ-ဒီမိုကရက် မဟာမိတ် ခိုင်မာလာ
အောက်တိုဘာ ၁၈ ရက်နေ့တွင် ဒီမိုကရက်ပါတီ (အဝါရောင်) ဝင်များက ဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝိဇ္ဇာဇီဝကို ၉၆ ဒသမ ၁၈ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သည်။ ထိုင်း-ယူကေ သံတမန်ဆက်ဆံရေး နှစ် ၁၇၀ ပြည့် အထိမ်းအမှတ် ဘောလုံးပွဲအပြီး နောက်တစ်နေ့တွင် အနျူတင်က အဘီဆစ်အား ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ဤရင်းနှီးမှုသည် အဘီဆစ် ခေါင်းဆောင်ဖြစ်ရန် မကြိုးပမ်းမီ စက်တင်ဘာလ ညစာစားပွဲမှ စတင်ခဲ့သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဤချစ်ကြည်ရင်းနှီးမှုက ၂၀၀၈ ခုနှစ်ကို ပြန်အမှတ်ရစေသည်။ ထိုစဉ်က Newin Chidchob ၏ အဖွဲ့ (ဘွမ်ဂျိုင်ထိုင်းပါတီကို ထိန်းချုပ်သူ) သည် အနီရောင်အဖွဲ့မှ ဖယ်ခွာကာ ဒီမိုကရက်ပါတီမှ အဘီဆစ်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့သည်။ ထိုမဟာမိတ်ကြောင့် အင်အားကြီး ရှပ်နီဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်ကို အဘီဆစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်က နှိမ်နင်းမှုဖြင့် အဆုံးသတ်ခဲ့ပြီး လူ ၉၉ ဦး သေဆုံးခဲ့သည်။
ဒီမိုကရက်နှင့် ဘွမ်ဂျိုင်ထိုင်းတို့သည် တောင်ပိုင်း မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း၊ ခေါင်းဆောင်နှစ်ဦး၏ ချစ်ကြည်ရင်းနှီးမှုသည် အနျူတင် ဦးဆောင်သော အစိုးရကို ဆက်လက် ထောက်ခံရန် ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက မျှော်လင့်ကြသည်။
◾️ ရှင်နာဝပ်မိသားစု မပါဝင်တော့သော ဖျူထိုင်းပါတီ
ဖျူထိုင်းပါတီသည် ပါတီတွင်း အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် မူဝါဒ အကောင်အထည်ဖော်မှု စွမ်းရည်များကို ခိုင်မာစေရန်အတွက် ပါတီအတွင်းပိုင်း ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးကို ကြေညာခဲ့သည်။ ယခင် ညွန့်ပေါင်းအစိုးရ၏ မပြီးပြတ်သေးသော မူဝါဒ အစီအစဉ်များ ရှိနေသော်လည်း၊ ပါတီသည် မပြီးပြတ်သေးသော လုပ်ငန်းများကို အဆုံးသတ်ရန်အတွက် မဲဆွယ်စည်းရုံးရန် ပြင်ဆင်နေပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအသစ်များကိုလည်း ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။
ပေတုံတန် နုတ်ထွက်ခြင်းသည် ဖျူထိုင်းပါတီ၏ နောက်လာမည့် ဝန်ကြီးချုပ်လောင်းများသည် သက်ဆင်မိသားစုမှ ဖြစ်လာမည်မဟုတ်ကြောင်း သူမ၏ ကြေညာချက်ကပင် သက်သေပြခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဖျူထိုင်းပါတီနှင့် ထိုင်းနိုင်ငံရေးအတွက် သမိုင်းဝင် အပြောင်းအလဲကို ဖော်ပြနေသည်။
အောက်တိုဘာ ၁၇ ရက်နေ့တွင် ဖျူထိုင်းပါတီ၏ ဒုတိယအကြိမ်မြောက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲကို ပေတုံတန် မတက်ရောက်ခဲ့ဘဲ ပါတီ၏ ရွေးကောက်ပွဲ ဒါရိုက်တာဖြစ်သူ စူရီယာ ဂျူအန်ရူအန်ရူအန်ကစ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
စူရီယာသည် ယခင်က ဒုတိယဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပါတီတွင်းနှင့် ပါတီပြင်ပ ကိစ္စရပ်များတွင်ပါ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းရှိသောကြောင့် ဖျူထိုင်းပါတီ၏ နောက်လာမည့် ခေါင်းဆောင် ဖြစ်လာရန် အများက မျှော်လင့်ထားကြသည်။
