◾️ အဆိုပါ အခွင့်အလမ်းများအနက် နည်းပညာဖွံ့ဖြိုးမှုနှင့် ပြည်ပကုန်သွယ်မှုတို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား
၂၂. ၁၀. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတကာခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့၍ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၄/၂၀၂၅)တွင် ပြောကြားသည်။
မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်ကို အောင်မြင်အောင် ကဏ္ဍအလိုက် တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတကာမျက်နှာစာဘက်တွင်လည်း နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတကာ ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မိမိတို့နိုင်ငံအပေါ် ထောက်ခံအားပေးမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု စသည့်အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် အဆိုပါ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများအနက် နည်းပညာဖွံ့ဖြိုးမှုနှင့် ပြည်ပကုန်သွယ်မှုတို့သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်သွယ်ရေးစနစ်တွင်လည်း လျင်မြန်သည့် On Net 2.0 စနစ်ဖြင့် စတင်နေပြီဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်နှင့် ကုန်သွယ်မှုလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးရေးစနစ်တကျ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ တရားမဝင်ကုန်သွယ်မှုနှင့် အရေးယူမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍ၊ ဘဏ္ဍာရေးနှင့်အခွန်ကဏ္ဍတို့နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည်အခြေအနေများကို နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ပြည်သူများ အသုံးပြုတတ်စေရန် ပညာပေးရေး၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရေး စသည်များကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
