သက်တန့်
၂၂. ၁၀. ၂၀၂၅
ကျားဖြန့်ရာဇဝတ်ဂိုဏ်းများမှ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုအတွက် Starlink ကို အသုံးပြုမှု မြင့်တက်လာကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစင်တာများမှ Starlink စက်ပေါင်း ၂,၅၀၀ ကျော်ကို ဝန်ဆောင်မှု ဖြတ်တောက်ခဲ့ကြောင်း SpaceX က ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ အာရှအင်တာနက် မှတ်ပုံတင်ရုံး (APNIC) ၏ မကြာသေးမီက အချက်အလက်များအရ Starlink သည် သုံးလအတွင်း စစ်ဘေးသင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အင်တာနက် ဝန်ဆောင်မှုပေးသူ ဖြစ်လာခဲ့သည်။
”ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့ နည်းပညာတစ်ခုဟာ အလွဲသုံးစားလုပ်ခံရမယ့် အန္တရာယ်လည်း ရှိပါတယ်” ဟု Starlink ၏ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လော်ရန် ဒရိုင်ယာက ဗုဒ္ဓဟူးနေ့တွင် X (ယခင် Twitter) ပေါ်၌ ရေးသားခဲ့သည်။
”ချိုးဖောက်မှုတစ်ခုကို ကျွန်မတို့ ရှာဖွေတွေ့ရှိတဲ့ ရှားပါးတဲ့ အခြေအနေမျိုးမှာ၊ ကမ္ဘာတစ်ဝန်းက ဥပဒေစိုးမိုးရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ အပါအဝင် သင့်လျော်တဲ့ အရေးယူမှုတွေကို ကျွန်မတို့ လုပ်ဆောင်ပါတယ်” ဟု ၎င်းက ပြောသည်။
”ဥပမာအနေနဲ့ ပြောရရင် မြန်မာနိုင်ငံမှာဆိုရင် သံသယဖြစ်ဖွယ် အွန်လိုင်း လိမ်လည်မှုစင်တာတွေ ဝန်းကျင်က Starlink ကိရိယာ ၂,၅၀၀ ကျော်ကို SpaceX က စောစောစီးစီး ရှာဖွေဖော်ထုတ်ပြီး ဝန်ဆောင်မှု ပိတ်ပစ်ခဲ့ပါတယ်” ဟု မစ္စ ဒရိုင်ယာက ထည့်သွင်းပြောကြားခဲ့သည်။
AFP ၏ မကြာသေးမီက စုံစမ်းစစ်ဆေးမှုအရ ယခုနှစ်အစောပိုင်းတွင် လူသိရှင်ကြား နှိမ်နင်းမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း၌ပင် မြန်မာနိုင်ငံရှိ လိမ်လည်မှု လုပ်ငန်းစုအဆောက်အအုံအသစ်များ တည်ဆောက်ခြင်းသည် အရှိန်အဟုန်မပျက် ဆက်လက်ဖြစ်ပေါ်နေကြောင်း ဖော်ထုတ်ခဲ့သည်။ Starlink အင်တာနက်ဖမ်းစက်များ အစုလိုက်အပြုံလိုက် တပ်ဆင်ထားသည်ကို တွေ့ရှိရပြီး ယင်းစင်တာများကို Elon Musk ပိုင်ဆိုင်သည့် ဂြိုဟ်တုကွန်ရက်နှင့် ချိတ်ဆက်ထားပုံရသည်။
မြန်မာအစိုးရ၏တပ်က ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်အနီး ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာနိုင်ငံ၏ အထင်ရှားဆုံး လိမ်လည်မှုစင်တာများထဲမှ တစ်ခုဖြစ်သော KK Park ကို ဝင်ရောက်စီးနင်းပြီး Starlink ဂြိုဟ်တုစက် ၃၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာခဲ့သည်။
AFP ၏ စုံစမ်းစစ်ဆေးမှုနှင့် လွတ်လပ်သော ခွဲခြမ်းစိတ်ဖြာချက်များအရ ယင်းပမာဏမှာ အဆိုပါနေရာ၌ အသုံးပြုနေသော စက်အရေအတွက်၏ အလွန်သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။
”ဝန်ဆောင်မှုဟာ ကမ္ဘာတစ်ဝန်းမှာ အကောင်းဘက်ကနေ ဆက်လက်တည်ရှိနေဖို့နဲ့ ယုံကြည်မှု ရရှိနေစေဖို့ကို ကျွန်မတို့ ကတိပြုပါတယ်၊ အဲဒါက အင်တာနက် အဆက်အသွယ်မရှိသေးသူတွေကို ချိတ်ဆက်ပေးဖို့ရော၊ မကောင်းသူတွေရဲ့ အလွဲသုံးစားလုပ်မှုကို သိရှိပြီး တားဆီးဖို့အတွက်ပါ ဖြစ်ပါတယ်” ဟု Starlink မှ မစ္စ ဒရိုင်ယာက ဆက်လက်ပြောကြားခဲ့သည်။
Ref, Bangkok Post
