သတိုး
၂၆. ၁၀. ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် ယနေ့ အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူသို့ ရောက်ရှိလာခဲ့ပြီး ကြိုဆိုသူများကို အကဖြင့်တုံ့ပြန်ခဲ့မှုကြောင့် မထင်မှတ်သော လုပ်ဆောင်ချက်မှာ ပြောစမှတ်ဖြစ်လာခဲ့ရသည်။
ထရမ့်ပ်ကို ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ VIP အဆောက်အအုံအနီး လေယာဉ်ပြေးလမ်းပေါ်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail တို့က ကော်ဇောနီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်။

ထရမ့်ပ် ဆင်းသက်လာချိန်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးက အမေရိကန်နှင့် မလေးရှားတို့၏ အစင်းကြောင်းပါသော အလံများကို ဝှေ့ယမ်းခဲ့ကြပြီး မလေးရှား ယဉ်ကျေးမှုအဖွဲ့သားများက ရိုးရာဝတ်စုံများဖြင့် ကခုန်ဖျော်ဖြေခဲ့ကြသည်။ ထရမ့်ပ်သည် ထင်မှတ်မထားသော အပြုအမူတစ်ခုကို လုပ်ဆောင်လိုက်ပြီး ကြိုဆိုသူများဘက်ခြမ်းကို ခန္ဓာကိုယ်ဦးတည်ကာ ဂီတသံစဉ်နှင့်အညီ ခြေလက်နှင့် ပေါင်များကိုပါ လှုပ်ခါ ရွှေ့လျားကာ အန်ဝါနှင့် တစ်ပြိုင်နက်တည်း ခပ်ဖွဖွဆုပ်ထားသော လက်သီးဆုပ်များကို စည်းချက်နှင့်အညီ လေထဲသို့ မြှောက်တင်ခဲ့သည်။ ထို့နောက် ၎င်းက လူအုပ်ထဲမှ နိုင်ငံတော်အလံနှစ်ခုကို ကောက်ယူကာ ဓာတ်ပုံရိုက်ခဲ့ပြီးနောက် ၎င်း၏ ဇိမ်ခံကားကြီး The Beast ကို စောင့်ဆိုင်းနေစဉ် ဖျော်ဖြေသူများအား တုံ့ပြန် အလေးပြုခဲ့သည်။
သမ္မတထရမ့်ပ်အား နှုတ်ခွန်းဆက်ရန် ရွေးချယ်ခံရသူများထဲက အမျိုးသား လက်မှုပညာသင်တန်းကျောင်းမှ အသက် ၁၉ နှစ်အရွယ် ကျောင်းသား Azizi Manaf က “သူ့ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရတာ မယုံနိုင်လောက်အောင်ပါပဲ” ဟု ပြောကြားခဲ့သည်။
ထရမ့်ပ်သည် မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သို့ ငါးရက်ကြာ အာရှခရီးစဉ်၏ ပထမဆုံးနေရာဖြစ်သည့် မြို့တော်ကွာလာလမ်ပူတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
သို့သော်လည်း ဂါဇာကို ထောက်ခံသူများ လွှမ်းမိုးနေသည့် မလေးရှားတွင် ထရမ့်ပ်၏ ခရီးစဉ်ကို အားလုံးက ကြိုဆိုခြင်းမရှိပေ။ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် Ampang Park ၌ ပြုလုပ်ရန် စီစဉ်ထားသည့် ထရမ့်ပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲများက လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်မြေပိတ်ဆို့ပြီးနောက် လွတ်လပ်ရေးရင်ပြင် (Merdeka Square) သို့ ပြောင်းရွှေ့ခဲ့ရသည်။

Ampang Park အနီး၊ ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာမှ ၁ ကီလိုမီတာခန့်အကွာတွင် အောက်တိုဘာ ၂၆ ရက်နေ့က ပြည်သူ့လုံခြုံရေး အရန်တပ်ဖွဲ့ (Public Order Reserve Unit) နှင့် ကွာလာလမ်ပူ အထူးလှုပ်ရှားရေးတပ်ဖွဲ့ (Kuala Lumpur Special Action Unit) မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ကုန်တင်ကား အများအပြားကို တွေ့မြင်ခဲ့ရသည်။
”ကျွန်တော် Ampang Park မှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ရဲအရာရှိတစ်ဦးက ထွက်သွားဖို့ ဒါမှမဟုတ် ဖမ်းခံရနိုင်ကြောင်း ပြောပါတယ်။ ဒီနေရာမှာ ဘယ်သူ့ကိုမှ စုဝေးခွင့် မပြုဘူး။ ကြိုးစားသူတိုင်းကို ဖမ်းဆီးမယ်လို့ သတိပေးတာကြောင့် ကျွန်တော်တို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု Perak ပြည်နယ် Tanjung Malim မှ ခရီးသွားလာခဲ့သည့် ဆန္ဒပြသူ Mythreyar Mutturamalingam က ပြောကြားခဲ့သည်။
“ဒါက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ သက်ရောက်မှုကို သေချာပေါက် လျှော့ချသွားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။

ထရမ့်ပ်၏ မလေးရှားခရီးစဉ်သည် ၎င်း၏ ဒုတိယသက်တမ်းတွင် အရှေ့တောင်အာရှသို့ ပထမဆုံး လာရောက်ခြင်းဖြစ်သည်။ ၎င်း၏ ပထမသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်၊ ၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးအစည်းအဝေးအတွက် စင်ကာပူသို့ သွားရောက်ခဲ့သည်။
မလေးရှားအတွက်မူ ဤခရီးစဉ်သည် ရာထူးလက်ကိုင်ရှိသော အမေရိကန်သမ္မတတစ်ဦး လာရောက်ခြင်းမှာ တတိယအကြိမ်သာ ရှိပြီး ၁၉၆၆ ခုနှစ်က Lyndon B. Johnson လာရောက်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် သမ္မတ ဘားရက် အိုဘားမား လာရောက်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလနောက်မှဖြစ်သည်။
မလေးရှားသည် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ဒေသတွင်းခေါင်းဆောင်များအပြင် ကနေဒါဝန်ကြီးချုပ် Mark Carney၊ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese၊ ဘရာဇီးသမ္မတ Luiz Inacio Lula da Silva နှင့် ဂျပန်၏ အသစ်ခန့်အပ်ထားသော ဝန်ကြီးချုပ် Sanae Takaichi တို့ တက်ရောက်ကြမည်ဖြစ်သည်။
ထရမ့်ပ်၏ ခရီးစဉ်သည် ဝန်ကြီးချုပ် အန်ဝါ အတွက် ထူးခြားသော အမှတ်အသားတစ်ခုဖြစ်သည်။ အန်ဝါသည် ၎င်း၏ အရင်ခေါင်းဆောင်များနှင့်မတူဘဲ ပထဝီနိုင်ငံရေးကို အလေးထားစိတ်ဝင်စားကာ အထူးသဖြင့် ပါလက်စတိုင်းအရေးနှင့် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ “မိမိကိုယ်ကိုယ် ကမ္ဘာ့နိုင်ငံရေးထဲ အရေးပါသူတစ်ဦးအဖြစ် တင်ပြလာနေသူဖြစ်သည်”။

အန်ဝါ၏ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် ထရမ့်၏ အိမ်ဖြူတော်နှင့် အလှမ်းဝေးခဲ့သည်။ သို့သော် လည်း နှစ်နိုင်ငံခေါင်းဆောင်တို့၏ အကျိုးစီးပွားများသည် ၂၀၂၅ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခတွင် ဆုံမှတ်ဖြစ်လာခဲ့ပြီး ထိုပဋိပက္ခကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးကာ လူ ၃၀၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။ ခေါင်းဆောင်နှစ်ဦးစလုံးသည် ဇူလိုင် ၂၈ ရက်နေ့တွင် နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
အာဆီယံ ဥက္ကဋ္ဌအဖြစ် အန်ဝါသည် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ဇူလိုင်လကုန်ပိုင်းတွင် မလေးရှား၌ ညှိနှိုင်းဆွေးနွေးပွဲစားပွဲသို့ ခေါ်ဆောင်နိုင်ခဲ့ပြီး ဝါရှင်တန်နှင့် ပေကျင်းတို့ကလည်း သံတမန်များကို စေလွှတ်ခဲ့သည်။ ထရမ့်ပ်ကမူ အခွန်အကောက်များကို အပေးအယူလုပ်သည့် လက်နက်အဖြစ် အသုံးပြု၍ ကမ္ဘောဒီးယားနှင့် ထိုင်းတို့အပေါ် ဖိအားပေးကာ ငြိမ်းချမ်းရေးရရှိစေရန် ဆောင်ရွက်ခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် အောက်တိုဘာ ၂၆ ရက်နေ့တွင် ၎င်းတို့၏ ဘုံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေရန် ကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုး ရန် မျှော်လင့်ရသည်။ ထိုလက်မှတ်ရေးထိုးပွဲကို ထရမ့်ပ်က သက်သေအဖြစ် တက်ရောက်မည်ဖြစ်ပြီး၊ ၎င်းက ယခင်က “ရှစ်လအတွင်း စစ်ပွဲရှစ်ခုကို အဆုံးသတ်ခဲ့ပြီ” ဟု ကြွေးကြော်ခဲ့ကာ မိမိကိုယ်ကို “ငြိမ်းချမ်းရေးသမ္မတ” အဖြစ် ပုံဖော်ခဲ့သည်။ ၎င်းသည် ၎င်းရောက်ရှိပြီးသည်နှင့် သဘောတူညီချက်ကို “ချက်ချင်း” လက်မှတ်ရေးထိုးမည်ဟုလည်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထရမ့်ပ်၏ ခရီးစဉ်ကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို စီစဉ်နေကြသည်။ အောက်တိုဘာ ၂၄ ရက်နေ့က ဆန္ဒပြသူ ရာပေါင်းများစွာသည် အချို့က ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းကာ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာအနီးရှိ ကွာလာလမ်ပူရှိ အမေရိကန်သံရုံးအပြင်ဘက်တွင် စုဝေးခဲ့ကြပြီး ၎င်း၏ ခရီးစဉ်ကို ရှုတ်ချခဲ့ကြသည်။ အချို့က “ထရမ့်ပ်ကို ငြင်းပယ်ကြ” ဟု အော်ဟစ်ခဲ့ကြပြီး “ထရမ့်ပ်ကို မကြိုဆို” နှင့် “ပါလက်စတိုင်းအား မထိနဲ့” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

ပါလက်စတိုင်းနှင့် စည်းလုံးညီညွတ်ရေးကိုယ်စားလှယ် Tian Chua က မလေးရှားပြည်သူများသည် ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးကို ကျင့်သုံးနေကြကြောင်း မာဒေးကားရင်ပြင် (Merdeka Square) ရှိ လူအုပ်အား ပြောကြားခဲ့သည်။
”ကျွန်တော်တို့ဟာ မလေးရှားက အာဆီယံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာကို ဒါမှမဟုတ် သူ့ရဲ့ ဘက်မလိုက်မှုနဲ့ ငြိမ်းချမ်းရေးမူတွေကို ဆန့်ကျင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မတထရမ့် ပ်ကိုယ်စားပြုတဲ့အရာက အဲဒီတန်ဖိုးတွေနဲ့ ဆန့်ကျင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
”အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမယ့် အစ္စရေးက ဂါဇာကို ဗုံးကြဲတိုက်ခိုက်နေဆဲပါ။ ဒါကြောင့် ကျွန်တော်တို့ ဒီမှာ ရှိနေတာပါ၊ ထရမ့်ပ်ကို ငြင်းပယ်ဖို့နဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ မလေးရှားပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ပါ” ဟု ၎င်းက ဆိုသည်။
Ref, The Straits Time
