၂၆.၁၀.၂၀၂၅
Written By Thandar
Mee Mee Mway Production က မကြာခင် ရိုက်ကူးသွားမယ့် Horror Suspense ဇာတ်လမ်းပုံစံ “ခုနှစ်ထွေည” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲနဲ့ မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကို လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ရေးထားတာပါ။ အရင်မှတ်မှတ်ရရ မပေါက်စီနဲ့လည်း ဇာတ်လမ်းတွဲရိုက်နေတဲ့အချိန်ကပါ။ သူ့ကို ဒီနေရာလေးမှာရေးခဲ့လို့ မပေါက်စီကို ဒီနေ့လေးမှာ ထည့်လိုက်တာပါ။ မြစ်လက်တက်မှာ ဒုက္ခပေးလို့မဝသေးလို့ ခုလည်းသူ့ကို ဒုက္ခပေးဖို့ ထပ်ခေါ်လိုက်တာပါ။ ခုနှစ်ထွေညဆိုတာက ဇာတ်စတည်ကတည်းက မင်းသားခုနစ်ယောက်နဲ့ရိုက်ချင်ခဲ့တာပါ။ အရင်ကတော့ ဒီ မင်းသားတွေနဲ့တွဲမယ် ရေးခဲ့တာမဟုတ်ပေမယ့် အဲမင်းသားတွေက ခုချိန်မှာ အသက်တွေကြီးသွားကြပြီလေ။ ဒါကြောင့်မင်းသားတွေ ရွေးချယ်ရိုက်ဖြစ်ခဲ့တာပါ။ ပါဝင်ကြတဲ့ မင်းသားခုနစ်ယောက်က ပုံစံမတူဘူး ခုနစ်မျိုး မြင်တွေ့ရမှာပါ”လို့ ဇာတ်လမ်း၊ ဒါရိုက်တာ PK ကပြောပါတယ်။

အဆိုပါ “ခုနှစ်ထွေည” ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်နဲ့ ယမင်းခန့် ဇာတ်လမ်းနဲ့ ဒါရိုက်တာ PK က Horror Suspense ဇာတ်လမ်းပုံစံနဲ့ အပိုင်း ၁၆ ပိုင်းစာကို လာမယ့်နိုဝင်ဘာ ၁၁ ရက်နေ့မှာစတင်ပြီး ရန်ကုန်မြို့နဲ့ တခြားမြို့နယ်တချို့မှာ ရိုက်ကူးပုံဖော်မယ်လို့ သိရပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ အေးဝတ်ရည်သောင်း အထူးပါဝင်သရုပ်ဆောင်ပြီး ဇော်ရှိုင်းထက်၊ ဗီတာမင်၊ ဉာဏ်မင်းဆက်၊ ရဲသွေးသီဟ၊ ရဲရင့်ဘုဏ်း၊ Jay၊ ဒီပါကျော်၊ သံသာညီ၊ မေမီလင်း၊ အနှစ်၊ စင်သီယာ၊ ခန့်ဝင်းဟန်၊ လျှမ်းထက်အောင်၊ မိုးသားဦး၊ သန့်သတိုးသျှင်တို့အပြင် ညီနန္ဒ၊ စည်ဖြိုး၊ မင်းသူ၊ စွမ်းထက်အောင်စတဲ့သူတွေက အထူးသရုပ်ဆောင်အနေနဲ့ပါဝင်ကြမယ်လို့ သိရပါတယ်။
