နေမိုး
၂၆. ၁၀. ၂၀၂၅
အုတ်ဖိုမြို့နယ်၊ ဘလားအုပ်စု အုပ်ချုပ်ရေးမှူးအား ဦးခေါင်းကို သေနတ်ဖြင့်တစ်ချက် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်သည့် ပဲခူး PDF များဖြစ်သော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ယနေ့ ဝန်ခံသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘလားအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးသောင်အား အောက်တိုဘာ ၂၅ ရက် နံနက် ၇ နာရီ ၂၀မိနစ်တွင် ၎င်း၏နေအိမ်၌ပင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များက ဦးခေါင်းတည့်တည့်ကို ကျည် ၁ ချက် ပစ်ခတ်၍ သတ်ဖြတ်ခဲ့သည်ဟုလည်း ဝန်ခံဖော်ပြထားသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး ဦးအေးသောင် သည် ရွေးကောက်ပွဲအား ပြည်သူများ မဲထည့်ရန် ဖိအားပေးခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက်ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် သတ်ဖြတ်ရသည်ဟု ကျူးလွန်သော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စွပ်စွဲထားသော်လည်း ထိုစွပ်စွဲချက်များ မှန်မမှန်ကို သက်သေလည်း မပြနိုင်ချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
