April 27, 2024

မြို့သာစက်မှုဇုန်ရှိ စက်ရုံတစ်ခုအား တွေ့ရစဥ်(ဓာတ်ပုံ-MIFER)

၂၈. ၉. ၂၀၂၂

Written by Tha Doe

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစိုးရအဖြစ် တာဝန်ယူထားချိန်တွင် ပြည်နယ်နှင့် တိုင်းအားလုံး၌ စက်မှုဇုန်တည်ထောင်ရမည်ဖြစ်ကြာင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“SME ကိုလည်း ကျွန်တော် ပြီးခဲ့တဲ့ တစ်နေ့ကပဲ SME တွေ အကုန်လုံးခေါ်တွေ့ပြီးတော့ ကော်မတီအစည်းအဝေးလုပ်ပြီးတော့ SME တိုးတက်ရေးအတွက် ဆောင်ရွက်နေတာရှိပါတယ်။ SME တွေဟာ တိုင်းပြည်ရဲ့အဓိက စီးပွားရေးမှာ SME အခန်းကဏ္ဍ ၉၀ ရာခိုင်နှုန်းကျော်ပါနေပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုလုပ်တဲ့အခါမှာလည်း ဒီ SME လုပ်ငန်းတွေသည် ကုန်ကြမ်းကိုအခြေခံတဲ့ SME တွေ ဖြစ်ရမယ်။ အဲ့ဒီကုန်ကြမ်းသည် ဒေသတွင်းမှာ ထွက်တဲ့ကုန်ကြမ်းတွေပဲ ဖြစ်ရမယ်။ တိုင်းပြည်တွင်းမှာ ထွက်ရမယ်၊ ဒေသတွင်းမှာ ထွက်ရမယ်။ ကုန်ကြမ်းမရှိရင် ဘာမှ လုပ်လို့မရဘူး။ စီးပွားရေးလုပ်ငန်းမှာ ကုန်ကြမ်းမရှိရင် လုပ်လို့မရဘူး။ ဝယ်၊ ရောင်း လုပ်ရင်တောင်မှ အဲ့ဒီကုန်ကြမ်းကို အခြေခံပြီး ထွက်လာတဲ့ ကုန်ချောကိုဝယ်၊ ရောင်း လုပ်လို့ရတယ်။ ဒီအတွက်ကြောင့် ကုန်ကြမ်းက အရေးကြီးတယ်။ ကုန်ကြမ်းက ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ပြည်နယ်နဲ့တိုင်း အားလုံးကို စက်မှုဇုန်တွေ အကုန်လုံး လုပ်ရမယ်ပြောထားတာရှိပါတယ်။ အဲ့ဒီအထဲမှာ အကြွေးကျန်တာ ချင်းပြည်နယ် တစ်ခုကျန်တယ်။ ချင်းပြည်နယ်မှာ စက်မှုဇုန် မရှိဘူး။ စက်မှု ရပ်ကွက်လည်း မရှိဘူး၊ စက်မှုဇုန်လည်း မရှိဘူး။ ဒါကြောင့် ချင်းပြည်နယ်ကို ကျွန်တော်က ကော်ဖီ ရယ်၊ ဝ ဥရယ်၊ နောက်တစ်ခါ နွားနောက်ရယ် ဒီ သုံးခုကို အခြေခံပြီးတော့ စက်မှု လုပ်ငန်းလုပ်ဖို့အတွက် မှာခဲ့တာရှိပါတယ်။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အကုန်လုံး ရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ ခုနကပြောတဲ့ ချင်းပြည်နယ်အတွက်ပေးတဲ့ ရန်ပုံငွေထဲကနေပြီးတော့မှ လုပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် စက်မှုဇုံများ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်၍ စက်မှုဇုံများအကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိသေးသည့် ဒေသများသည် မိမိတို့ဒေသနှင့်ကိုက်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မိမိတို့နိုင်ငံတွင် ခရိုင်များတိုးချဲ့ဖွဲစည်းထားရာ အဓိကကျသည့် ခရိုင်များတွင် စက်မှုဇုံများ၊ စက်မှုရပ်ကွက်များ ဖော်ဆောင်ပေးရန်လိုအပ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက အဆိုပါဒေသကို အခြေခံသည့် ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသည် များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများ တိုးတက်များပြားလာမည်ဖြစ်သဖြင့် ဒေသများအလိုက် MSME ကို အခြေခံသည့်စက်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကာ ထိုသို့ဆောင်ရွက်နိုင်ပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး မြို့ပြများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများ လျော့ပါးသွားမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

”အဲ့ဒီတော့ SME တွေက လည်း စောစောကပြောတဲ့ လုပ်ငန်းတွေမှာ၊ နိုင်ငံတော်အပိုင်းကနေပြီးတော့ ကိုဗစ်ကြောင့် ဖြစ်လာတဲ့ကျဆင်းမှုတွေနဲ့ စီးပွားရေးမြှင့်တင်ဖို့ လုပ်တဲ့အခါမှာတော့ အတိုးအနည်းဆုံးပေါ့၊ အတိုးအနည်းဆုံးနဲ့ ယူမှာဖြစ်တယ်။ SME လုပ်ငန်းကတော့ ပြည်နယ် နဲ့တိုင်း အားလုံးမှာ မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့် ဒေသမှာကိုယ် စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်မယ်ဆိုရင်တော့ တခြားဒေသကိုသွားပြီးတော့ အလုပ်သွားလုပ်နေတဲ့ ပမာဏတွေ လျှော့ချလိုက်ရမယ်။ လုံးဝမရှိအောင်တော့ လုပ်လို့မရပါဘူး။ လျှော့ချနိုင်ရမယ်၊ ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာရမယ်။ ကိုယ့်နိုင်ငံရဲ့ ကိုယ့်ဒေသ။ ပြောရလို့ရှိရင် ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းပေါ့လေ၊ စီးပွားရေးလုပ်ငန်းလုပ်ပြီဆိုရင် ဒေသတွေရဲ့ ဘက်ဂျက်တွေ သူဟာနဲ့သူတက်လာလိမ့်မယ်၊ ပြည်နယ်နဲ့ တိုင်းဒေသ အလိုက် ဘက်ဂျက်တွေ တက်လာလိမ့်မယ်။ သူ့ဘက်ဂျက်နဲ့သူ လည်ပတ်လို့ရအောင် ကျွန်တော်တို့က ဒါကိုမတည်ပေးလိုက်တာ၊ ရှင်းရှင်းပြောရရင်တော့ မတည်ပေးလိုက်တာပါပဲ။ စောစောက ငွေတွေပေးတယ်ဆိုတာလည်း မတည်ပေးလိုက်တာ။ ၁၀ ဘီလျံစီ ထောက်ပံ့ပေးတယ်။ ၈ ဘီလျံစီ ထောက်ပံ့ပေးတယ်။ ၅ ဘီလျံစီ ပေးတယ်။ သူတို့ကို ဒါတွေ လိုအပ် တာသုံးဖို့ ဖက်ဒရယ်အခွင့်အရေးတွေ ပေးလိုက်တာ ဖြစ်တယ်။ အဲ့ဒီအထဲကနေ ပြီးတော့ အခု ထပ်ပြီးတော့ SME တွေ အားပေးတာလည်း ဒေသအလိုက် ဒေသအလိုက်မှာ လုပ်ငန်းတွေပေါ်လာပြီး အစိုးရတွေက ဒါတော့ လုပ်ရင် ဖြစ်တယ်ဆိုတာပြတာ။ အစိုးရတစ်ရပ်ဆိုတာ လုပ်ပြဖို့ပဲ။ ဟန်ပြ။ တီဗီထဲ ပါနေဖို့ သတင်းထဲပါနေဖို့ မဟုတ်ဘူး။ တစ်ကယ်တော့ တိုင်းပြည်၊ ဒေသကို တိုးတက်အောင် လုပ်ပေးရမှာ။ ကျွန်တော်တို့ အစိုးရသည်လည်း တိုင်းပြည်တိုးတက် အောင်လုပ်ရမယ်။ ဒေသ အစိုးရကလည်း ဒေသကို တိုးတက်အောင် သူက လုပ်ရမယ်။ ဒါက လက်တွေ့ကျတဲ့ နိုင်ငံရေးပဲ။ လက်တွေ့ကျတဲ့ နိုင်ငံရေး။ နိုင်ငံရေး လုပ်စားတာ မဟုတ်ဘူး။ တစ်ကယ့် နိုင်ငံ့အရေးကို လုပ်စားတာ။ နိုင်ငံ့အရေး လုပ်နိုင်ဖို့အတွက် မတည်ငွေတွေ ကျွန်တော်တို့ ပေးလိုက်တာ။ လုပ်ပါစေ။ သူ စွမ်းဆောင်ရည် ရှိသမျှ လုပ်ပါစေ။ သူစွမ်းဆောင်ရည် ကောင်းလို့ရှိရင် သူစီးပွားတက်လာလိမ့်မယ်။ စီးပွား တက်ပြီဆိုလို့ရှိရင် သူတို့ဒေသမှာ ဝင်ငွေကောင်းလာလိမ့်မယ်။ ဝင်ငွေကောင်းလာလို့ ရှိရင် ပြည်နယ်နဲ့ တိုင်း အစိုးရတွေမှာ ဘက်ဂျက်တွေ ချောင်ချောင်လည်လည် ဖြစ်လာ လိမ့်မယ်။ ဗဟိုကနေပေးရတဲ့ ပိုက်ဆံက။ တတ်နိုင်သလောက်။ အတိုင်းအတာ တစ်ခုထိတော့ရှိမှာပေါ့။ သို့သော်လည်းပဲ သူတို့အတွက် သူတို့ဖာသာသူ ပြန်လုပ်ခြင်း အားဖြင့် သူတို့ရဲ့ ရန်ပုံငွေနဲ့လုပ်ခြင်းအားဖြင့် သူတို့ဆီမှာ တိုးတက်မှုတွေ အများကြီး ပြနိုင်မှာဖြစ်ပါတယ်။ ဒါကို ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ အကုန်လုံးကို မှာလိုက်တယ်။ ခင်ဗျားတို့ ဒါကိုလုပ်ပြပါ။ စီးပွားရေး လုပ်ပြပါ။ ကျွန်တော် မတည်ငွေတွေ ပေးလိုက်တယ်။ ဒီလိုပြောခဲ့ပါတယ်။ SME လုပ်ရတဲ့ ရည်ရွယ်ချက်ပါပဲ။ အရင်တုန်း ကတော့ SME ပဲ ခေါ်တာပေါ့။ နောက်ပိုင်းကျတော့ MSME လို့ ခေါ်တယ် အသေးစား ၊ အငယ်စား၊ အလတ်စားပေါ့။ Micro ရယ် Small ရယ် Medium ရယ် ဖြစ်ပါတယ်။ MSME လို့ ကျွန်တော် တို့ ခေါ်ပါတယ်။ အဲ့ဒါမျိုး ကျွန်တော်တို့ လုပ်နေကြောင်းလည်း ကောင်စီဝင်များကိုလည်း ကျွန်တော်အသိပေးလိုပါတယ်။”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်ဆင့်​ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News