April 27, 2024

Written by Tha Doe

ခရီးသွားကဏ္ဍပြန်လည်ဖွံ့ဖြိုးရေး ကျပ် ၂၁ ဘီလျံကျော် ထုတ်ချေးပေးထားဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID–19 Economic Relief Plan) အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ယနေ့အထိ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ၆ လ ရွှေ့ဆိုင်းပေးခြင်းအပြင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်း ခရီးသွားကဏ္ဍ၌ ပါဝင်လုပ်ကိုင်သူဦးရေ ၃ သိန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုများကို တုံပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များ အောင်မြင်စေရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းပြန်လည် ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)” ကို ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်သည် ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်ဟု သိရှိရပြီး ယခုကဲ့သို ပြန်လည်ဖွင့်လှစ်သည့်နေရာတွင် ခရီးသွားဧည့်သည်များ၏ ပြည်ဝင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ နိုင်ငံတစ်ခုနှင့်တစ်ခု ကွဲပြားမှုများ ရှိနေသေးသည်ကို တွေ့မြင်ကြရသည်။ ယခုကဲ့သို ဖွင့်လှစ်ပေးခဲ့သည့်အတွက် ကမ္ဘာအနှံ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကမ္ဘာလှည့်ခရီးသည် သန်း ၂၅၀ ကျော် လှည့်လည်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်က အလားတူကာလတွင် (၇၇)သန်း ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ၁၇၃ သန်းခန့် ပိုမိုဝင်ရောက်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲချုပ်၏ စာရင်းဇယားများအရ သိရကာ ရာခိုင်နှုန်းအားဖြင့် ၂၂၅ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှု အခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်းခရီးသွားလာမှုများ စတင်တိုးတက်လာသည်ကို တွေ့ရှိရသည်။ ထိုပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှ စတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့် အလားအလာကောင်းများကို တွေ့မြင်ခဲ့ရသည့်အတွက် ကမ္ဘာလှည့် e-Visa ကို ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်က စတင်ခွင့်ပြုခဲ့ပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံဖြိုးတိုးတက်နေသည်ကို တွေ့မြင်နေရပြီးလာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားလာမှု ပိုမိုတိုးတက်လာရန် မျှော်မှန်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *