April 28, 2024

MT News

Written by Tha Doe

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို စက်တင်ဘာ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ဒုတိယဗိုလ်မှူးကြီး သူရိန်ကျော်မြင့်တို့ ဦးစီးသော ခွဲစိတ်ပါရဂူအဖွဲ့၊ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်ယုအေးလတ်ဦးစီးသော မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှုအဖွဲ့တို့နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုရှိ Apollo Hospital မှ အသည်းအစားထိုးခွဲစိတ်ဆရာဝန်ကြီး Dr. Neerav Goyal ဦးဆောင်သော အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံမှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တွင် ခွဲစိတ်ဆရာဝန်များအဖြစ် Dr. Neerav Goyal နှင့် Dr. Arun Kumar၊ မေ့ဆေးဆရာဝန်များအဖြစ် Dr. Sanjeev Aneja နှင့် Dr. Anupam Raj၊ အထူးကြပ်မတ်ကုသမှု ဆရာဝန်အဖြစ် Dr. Arvind Jerome Bose၊ ခွဲစိတ်ခန်းသူနာပြုများအဖြစ် Mr. Krishna Pathivada နှင့် Ms. Priya Shanthi Lewis၊ ခွဲစိတ်ခန်း/ မေ့ဆေးအကူကျွမ်းကျင်သူအဖြစ် Mr. Priyank Uphdayay တို့ ပါဝင်ခဲ့ကြသည်။

အဆိုပါ အသည်းအစားထိုးကုသမှုမှာ ဝေဒနာရှင် တပ်ခွဲတပ်ကြပ်ကြီး အောင်ချစ်ဝင်းနှင့် အသည်းအလှူရှင်ဖြစ်သည့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မျိုးသူဇာ တို့ကို ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်း ထုတ်ယူခြင်းကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို နေ့လယ်ပိုင်းတွင် အသည်း လက်ခံလူနာထံသို့ အသည်းအစားထိုးခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News