ယခင်အစိုးရလက်ထက် ခွင့်ပြုခဲ့သည့် လုပ်ငန်းတစ်ခုအား DICA မှ ကွင်းဆင်းစစ်ဆေးစဥ်

၁၃. ၁၂ .၂၀၂၂
Written by Ye Kyaw

NLD အစိုးရတာဝန်ယူခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၄ ဘီလျံကျော် ခွင့်ပြုပေးနိုင်ခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အမှန်စီးဝင်မှုမှာ ဒေါ်လာ ၁၄ ဘီလျံကျော်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

NLD အစိုးရတာဝန်ယူခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ‌ဒေါ်လာ ၂၄ ဒသမ ၄၈၉ ဘီလျံ ခွင့်ပြုပေးထားနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အမှန်စီးဝင်မှုမှာ ဒေါ်လာ ၁၄ ဒသမ ၄၀၂ ဘီလျံသာရှိပြီး ခွင့်ပြုပေးခဲ့သော ပမာဏ၏ ၅၈ ရာခိုင်နှုန်းကျော်သာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငါးနှစ်အတွင်း FDI အမှန်စီးဝင်မှုမှာ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်၊ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်၊ ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ၂ ဒသမ ၂ ဘီလျံကျော် ရှိကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံမှုက အခုခွင့်ပြုအခုလာတာ မဟုတ်ဘူး။ ကျွန်တော်တို့က ခွင့်ပြုပေးလိုက်တာ။ အဲဒါပြီးရင် သူ့ရဲ့လုပ်ငန်းကြီးရင် ကြီးသလောက် ပြင်ဆင်ရတာတွေရှိတွေရှိတာပေါ့။ တချို့ဆို နှစ်နဲ့ချီကြာပြီးမှ လုပ်ငန်းလည်ပတ်တာတွေရှိတယ်ပေါ့နော်။ တချို့ကြတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်တာတွေလည်းရှိတယ်။ ပြောရမယ်ဆိုရင် ဒီနှစ်ခွင့်ပြုပေးတာ ဒီနှစ်ဝင်တာမဟုတ်ဘူး” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့သူ ဦးအောင်နိုင်ဦးက ယခင်က ပုံမှန်ပြုလုပ်ခဲ့သည့် MIC သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ဖူးသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစတင်၍ လက်ရှိအချိန်အထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံခန့်ကို ခွင့်ပြုပေးထားကြောင်း DICA မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News