၁၀. ၄. ၂၀၂၄
Written by Ye Kyaw

ရည်ညွှန်းဈေးထက် ကျပ်ခုနစ်သိန်းကျော်အထိ ဈေးနှုန်းဆွဲတင်ထား၍ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၄၇ သိန်းခွဲခန့်အထိ ဆက်လက်မြင့်တက်နေချိန် အရေးယူခံရနိုင်သည့်အတွက် ရွှေဆိုင်အချို့ အခေါက်ရွှေအတုံး ရောင်းဝယ်မှုကို ရပ်ဆိုင်းထားပြီး လက်ဝတ်ရတနာ အမျိုးအစားများကိုသာ ‌ရောင်းချနေကြောင်း သိရသည်။

“အခုလောလောဆယ်က အတုံးတွေ အဲဒါတွေက မရသေးပါဘူး။ ဆိုင်တိုင်း၊ ဆိုင်တိုင်းမှာတော့ မရသေးဘူး။ အခုလောလောဆယ်အချိန်က မရသေးပါဘူး” ဟု နာမည်ကြီး‌ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၂၃၀၀ အောက်သာရှိချိန်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က သတ်မှတ်ရည်ညွှန်းရွှေဈေးအဖြစ် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၈ သိန်းဝန်းကျင်သာ သတ်မှတ်ခဲ့သည်။

ကမ္ဘာ့‌ရွှေဈေးနှုန်း ဒေါ်လာ ၂၃၀၀ အထက် စတင်ရောက်ရှိခဲ့သည့် ဧပြီ ၄ ရက်နောက်ပိုင်းတွင် ရည်ညွှန်းရွှေဈေးအား ကျပ် ၃၉ သိန်းကျော်သို့ တိုးမြှင့်သတ်မှတ်ကာ ယနေ့တွင် ကျပ် ၃,၉၉၉,၆၀၀ (ကျပ်သိန်း ၄၀ နီးပါး) အထိ တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၆၉၅,၀၀၀ အထိ ဖြစ်ပေါ်နေ၍ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၇၄၀,၄၀၀ အထိ ဆွဲတင်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးမှုတို့ ဆောင်ရွက်နေသည်။

ယင်းသို့ စစ်ဆေးမှုများအရ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါအဝင် ‌‌ရွှေရောင်းဝယ်သူများလိုက်နာရမည့် “အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်” ကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိသည့် မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်၊ ရွေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေရွှေဆိုင်လုပ်ငန်း စုစုပေါင်း‌ရွှေဆိုင် ၇ ဆိုင်အား ယခုဧပြီလဆန်းပိုင်းကပင် အရေးယူထားသည်။

တာဝန်ရှိသူများက အရေးယူမှုနှင့် သတိပေးမှုများ ဆောင် ရွက်နေသော်လည်း ရွှေရောင်းဝယ်သူများ အနေဖြင့် ဂရုမစိုက်သကဲ့သို့ ရွှေဈေးဆွဲတင်နေမှုများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့သို့ ဆောင်ရွက်နေမှုများအပေါ် ဆက်လက်အရေးယူသွားမည့် အခြေအနေများကို MT News သတင်းဌာနက ဗဟိုဘဏ်နှင့် ရွှေဈေးနှုန်းသတ်မှတ်နေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) တို့ကို ဆက်သွယ်မေးမြန်းရာတွင် ဗဟိုဘဏ်မှ ဆောင်ရွက်မှုများကို ပြန်လည်ဖြေကြားပေးမည်ဟု ဖြေကြားခဲ့ပြီး YEGA မှ ပြန်လည်ဖြေကြားမှု မရှိခဲ့ပေ။

ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းများမှာ ဧပြီ ၆ ရက်တွင် ကျပ် ၄,၅၄၀,၀၀၀၊ ဧပြီ ၇ ရက်တွင် ကျပ် ၄,၅၅၀,၀၀၀၊ ဧပြီ ၈ ရက်တွင် ကျပ် ၄,၅၉၀,၀၀၀၊ ဧပြီ ၉ ရက်တွင် ကျပ် ၄,၆၉,၅၀၀၊ ဧပြီ ၁၀ ရက် ယနေ့တွင် ကျပ် ၄,၇၄၀,၀၀၀ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *