၁၀.၄.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ရှိ အင်းလေးရေလယ်ခန်းမတွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

အင်းလေး​ရေပေါ်သင်္ကြန်ပွဲတော်တွင် တေးသံရှင်များနှင့် အနုပညာရှင်များ၏ သီဆို​ဖျော်ဖြေမှုများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများ၊ တေးဂီတအဖွဲ့များ၏ တေးသံသာများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ တင်ဆက်ဖျော်ဖြေမှုများအပြင် စတုဒိသာ ကျွေးမွေးဧည့်ခံမှုများပါဝင်မည်ဖြစ်ပြီး လာ​ရောက်လည်ပတ်သူများအနေဖြင့် အင်းလေးကန်ရေပြင်တွင် လှေတစ်စင်းနှင့်တစ်စင်း ရေပက်ကစားနိုင်ကြောင်း သိရသည်။

အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၉၀၀ မီတာတွင် တည်ရှိပြီး ၂၂ ကီလိုမီတာ အရှည်၊ ၁၀ ကီလိုမီတာအကျယ်ရှိကြောင်း၊ အင်းလေးကန်သို့ လာရောက်လည်ပတ်သူများ အနေ​ဖြင့် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရွှေအင်းတိမ်ဘုရားနှင့် စကားရွာတို့ရှိ ရှေးဟောင်းဘုရားများကို သွားရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။

ထို့အ​ပြင် ဒေသခံများ၏ ကျွန်းမျှောစို​က်ခင်း၊ ငွေထည်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းအပြင် ရိုးရာလက်မှုလုပ်ငန်းများကိုလည်း သွားရောက်လေ့လာနိုင်သည်။

“မနှစ်ကလည်း ရေပေါ်သင်္ကြန်ကို လာတဲ့သူများတယ်။ ရှမ်းပြည်ဘက်လည်ပတ်ရင်း ရေပေါ်သင်္ကြန်ကို ကြုံလိုက်ရတာမို့ ဧည်သည်တွေအနေနဲ့ ခရီးသွားအတွေ့အကြုံသစ်တစ်ခု ရလိုက်သလိုပါပဲ”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။

သင်္ကြန်ကာလတွင် အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်နှင့် အင်းလေးဒေသကို လာရောက်လည်ပတ်လိုသူများအား အင်းလေးရှိ ဟိုတယ်အချို့မှ ဟိုတယ်အခန်းခနှုန်းထားများကို အထူးစျေးနှုန်းများ၊ လျှော့စျေးများဖြင့် ငှားရမ်းနိုင်ရန် စီစဥ်ထားကြောင်း သိရသည်။

ပုံစာ။ ယမန်နှစ်က ကျင်းပခဲ့သော ရေပေါ်သင်္ကြန်မြင်ကွင်း(Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *