၃. ၄. ၂၀၂၄
Written by Phyo Wei

နယ်စပ်ဒေသနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)တွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H .E. Mr. Deng Xijun နဲ့ တွေ့ဆုံပြောကြားချိန်မှာပဲ တရုတ်စစ်တပ်ကလည်း မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ ကျည်အစစ်နဲ့ပစ်ခတ်မဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကို ဧပြီ ၂ရက်နဲ့ ဧပြီ ၃ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း PNLO၊ KNDF၊ KNPP၊ KPDF တို့ သိမ်းယူသွားတဲ့ ဆီဆိုင်မြို့ကို ၃၂ ရက်အကြာမှာ တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တာ၊ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုနိုင်အောင် အကြမ်းဖက် သမားတွေ ခြိမ်းခြောက်ခံခဲ့ရတဲ့ ဒေသတွေက ကျောင်းသား/ကျောင်းသူတွေကို အထူးအစီအစဥ်နဲ့ ဧပြီ ၂၉ ရက်က စ စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေးမယ်ဆိုတာ၊ တပ်မတော်လက်အောက်က BGF ခွဲထွက်တာ၊ ဒီနှစ်ထဲ ရုရှား-မြန်မာ စစ်ဘက်ဆိုင်ရာပူးပေါင်းလှုပ်ရှားမှု အကြိမ် ၅၀ ကျော် ပြုလုပ်မယ်ဆိုတာနဲ့ အိန္ဒိယအစိုးရက မြန်မာနိုင်ငံနဲ့ နယ်စပ်ခြံစည်းရိုးကို ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ အကုန်အကျခံ တည်ဆောက်မယ်ဆိုတဲ့ သတင်းဖြစ်စဉ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ PDF တွေ ဓားပြတိုက် ဆက်ကြေးတောင်းပြီး ရန်ပုံငွေမရှာသင့်ဘူးလို့ ဝေဖန်ထောက်ပြလာတာ၊ စစ်မှုထမ်းဥပဒေဖော်ဆောင်ရာမှာ မသမာမှုပြုပြီး ကိုယ်ကျိုးရှာသူတွေ ဖော်ထုတ်ပေးဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားလာတာ၊ မြန်မာတစ်ပြည်လုံးပြည်တွင်းစစ်မဖြစ်ဖို့ ကူညီပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြောလာတဲ့အကြောင်း သတင်းတွေကို သုံးသပ် တင်ဆက်ပေးချင်ပါတယ်။

◾ ဓားပြတိုက်ဆက်ကြေးတောင်းပြီး ရန်ပုံငွေမရှာသင့်တဲ့ PDF

NUG ဩဇာခံ PDF အဖွဲ့တွေအနေနဲ့ အခွန်အခကောက်ခံတာ၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်တဲ့နည်းနဲ့ ရန်ပုံငွေရှာဖွေတာဟာ မှားယွင်းတဲ့နည်းလမ်းလို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပထမဆုံး ဝေဖန်ထောက်ပြလာပြီး ပခုက္ကူမြို့နယ်အတွင်းမှာလည်း အခွန်ကောက်ဖို့ သတ်မှတ်နေရာကလွဲ ကျန်နေရာတွေကို အခွန်မကောက်ဖို့ တားမြစ်စာ ထုတ်ပြန်လာပါတယ်။ ပြည်သူတွေက လှူဒါန်းမှုနည်းပါးလာချိန်မှာ PDF အဖွဲ့တွေဟာ ရန်ပုံငွေရဖို့ ဆက်ကြေးတောင်းတာ၊ နှစ်လုံးထီ၊ ချဲထီ၊ မူးယစ်ဆေး၊ လောင်းကစားသမားတွေနဲ့ သစ်မှောင်ခို၊ ရေနံမှော်လုပ်ကိုင်သူတွေကို ဖမ်းဆီးငွေညှစ် ပြန်ပေးဆွဲ ဓားပြတိုက်တာ လုပ်ကြသလို လုယက်သတ်ဖြတ်မှုတွေလည်း ကျုးလွန်ပြီးရန်ပုံငွေရှာနေကြတာပါ။ ဒါ့အပြင် PDF ကြီးစိုးနယ်မြေတွေက လမ်းမကြီးတွေနဲ့ လမ်းပိုင်းအချို့မှာ လုံခြုံရေးဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ ဝါးတားဂိတ်တွေ ဖွင့်လှစ် အခွန်ကောက်ခံတာတွေ လုပ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဧပြီ ၁ ရက်ကစပြီး ပခုက္ကူမြို့နယ်အတွင်း ပခုက္ကူပအဖက အခွန်ကောက်ခံဖို့သတ်မှတ်ထားတဲ့ နေရာတွေကလွဲပြီး အခွန်ကောက်ခံတာ၊ ဆက်ကြေးတောင်းခံတာ လုံးဝ(လုံးဝ)ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်လိုက်ပြီး လိုက်နာဖို့ပျက်ကွက်ရင် ပခုက္ကူမြို့နယ်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိင်းရေးကော်မတီ ဆုံးဖြတ်ချက်နဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်ပြောပါတယ်။ ပခုက္ကူပအဖလိုပဲ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကိုင်းတိုင်းအတွင်းမှာ မတ်လ ၁၆ ရက်ကစပြီး PDF တွေ LPDF တွေ ဆက်ကြေးကောက် အလှုခံ ငွေညှစ်တာမလုပ်ဖို့ အမိန့်ထုတ်ခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း သူတစ်လူ၊ ငါတစ်မင်း၊ သူ့အဖွဲ့၊ ငါ့အဖွဲ့ဆိုပြီး အဖွဲ့အင်အား အမျိုးမျိုးကွဲနေတာ၊ အလုပ်မလုပ်တဲ့ လူငယ်ရာချီ အလှုငွေမရ၊ ဆက်ကြေးတောင်းမရရင် ဓားပြတိုက် လုယက်ဖို့ပဲရှိတာကြောင့် ပြန်ပေးဆွဲငွေညှစ်တဲ့ အလုပ်တွေပဲ ဆက်လုပ်နေကြတာပါ။ ဒါဟာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် နိမိတ်ဖတ်ခဲ့သလို PDF တွေက ဓားပြဖြစ်လာမယ်ဆိုတဲ့ စကားမှန်နေပြီဆိုတဲ့အချက်ဖြစ်သလို NUG ကိုယ်တိုင်ကလည်း ပြည်ပထွက်ပြေးခိုလှုံဖို့ပဲ ကြိုးစားနေတာ၊ PDF တွေကိုယ်တိုင်ကလည်း ကမ္ဘာ့အသိအမှတ်ပြု တရားဝင်တပ်မတော်ဖြစ်မလာတာမို့လို့ စည်းမျဉ်းစည်းကမ်းလိုက်နာစရာမလိုတာ၊ တရားလက်လွတ်လူသတ်၊ တော်လှန်ရေးသုံးမယ်ဆိုပြီး ဓားပြတိုက်ပြီး ပစ္စည်းသိမ်းလိုက်ရင်တောင် လက်ခုပ်သံရနေတာကြောင့် ထင်တိုင်းကြဲနေတာပါ။ ဒီလိုမျိုး လူသတ်၊ မုဒိမ်းကျင့်၊ ဓားပြတိုက်၊ ဆက်ကြေးတောင်း PDF တွေက ဖက်ဒရယ်တပ်မတော်ဦးဆောင်ဖို့ ဖြစ်မလာနိုင်ဘူးဆိုတာကလည်း ပြောစရာတောင် လိုမယ်မထင်ပါဘူး။

◾ စစ်မှုထမ်းဥပဒေကို မသမာမှုပြု အကျိုးအမြတ်ရှာသူတွေ ဖော်ထုတ်ရေး

ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို မသိနားမလည်သူတွေအပေါ် ဥပဒေနဲ့မညီတဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာကနေ ငွေကြေးနဲ့ အခြားအခွင့်အရေးတွေ ရယူအမြတ်ထုတ်လိုတဲ့ အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့နဲ့ အဖွဲအစည်းအချို့တွေကို ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်ဖို့ တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလာပါတယ်။ နိုင်ငံအတွင်းနဲ့ ကမ္ဘာ့နိုင်ရေးဇာတ်ခုံ ပဋိပက္ခနဲ့ တင်းမာမှု အခြေအနေတွေအပေါ် မူတည်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်ထဲက ဥပဒေရေးသားပြီး အတည်မပြုခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတို့နဲ့ ပတ်သက်ပြီး အာဏာတည်သက်ဝင်စေမှုအခြေအနေနဲ့ အဆိုပါ ဥပဒေတွေကို ကျေညက်အောင် လေ့လာမှတ်သားပြီးတော့ တာဝန်ကျရာဒေသအသီးသီးကို ရောက်ရှိချိန်မှာ အသက်သတ်မှတ်ချက် အကျုံးဝင်သူပုဂ္ဂိုလ်တွေနဲ့ ဆက်နွှယ်ကြတဲ့ မိသားစု၊ ဆွေမျိုး အသိုင်းအဝိုင်းကိုပါ သိရှိနားလည် သဘောပေါက်အောင် အသိပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့တာပါ။ ဒီလိုဆောင်ရွက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် သေသေချာချာ မလေ့လာ၊ မသိရှိတဲ့သူတွေကို လက်နက်ကိုင် အကြမ်းဖက်အဖွဲအစည်းတွေရဲ့ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့် စည်းရုံးတဲ့အပေါ် ဥပဒေမဲ့ လိုက်ပါဆောင်ရွက်မိလို့ မိမိကိုယ်ပိုင်ဘဝ၊ မိသားစုဘဝတွေလည်း အကြောင်းမဲ့ တောထဲ၊ တောင်ထဲမှာ စတေးခံရကြမယ့် အဖြစ်ဆိုးတွေကိုလည်း ကယ်တင်နိုင်မယ်လို့ ပြောကြားခဲ့တာပါ။

မှန်ပါတယ်။ စစ်မှုထမ်းဖို့ စပြီဆိုတဲ့ ရက်ပိုင်းလေးတင် အောက်ခြေမှာ စစ်မှုထမ်းဥပဒေကို မှီပြီး အကြံအဖန်လုပ်နေတာတွေ မကြာခဏဆိုသလို ကြားနေရလို့ စစ်မှုထမ်းဥပဒေကို ပြည်သူတွေ တစ်ခဏနဲ့ စိတ်ပျက်မသွားဖို့ ကဏ္ဍအသီးသီးက တာဝန်ရှိသူတိုင်း ဖြူစင်ရိုးသားဖို့နဲ့ မရိုးသားသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်။ လက်ရှိမှာလည်း စစ်မှုထမ်းနည်းဥပဒေထုတ်ပြန်လာတာမရှိသေးပေမဲ့လည်း စစ်မှုထမ်းတွေ စတင်ခေါ်ဆိုနေတာ တွေ့နေရပါတယ်။ တစ်ချိန်တည်းမှာပဲ သတိချပ်စရာက စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်မဲ့သူတွေဟာ ပင်ကိုယ်ဝါသနာ၊ စရိုက်၊ ဗီဇကြောင့် ဝင်တာမဟုတ်သလို နိုင်ငံတော်ကာကွယ်ဖို့ စစ်မှုခဏထမ်းပြီး နိုင်ငံ့တာဝန်ကျေခဲ့သူတွေအဖြစ် ဂုဏ်ယူနိုင်ရေး စီမံဖို့ လိုအပ်ပါလိမ့်မယ်။ ဒီ့အတွက်လည်း စစ်မှုထမ်းပြီးချိန်မှာ ဆယ်တန်းမအောင်သူက ဘယ်လိုမျိုး အဆင့်နဲ့ စစ်မှုထမ်းတံဆိပ်ရမယ်၊ ဆယ်တန်းအောင်သူ၊ ဘွဲ့ရသူ၊ ပါရဂူလို ကျွမ်းကျင်အဆင့်ပုဂ္ဂိုလ်တွေက ဘယ်လိုအဆင့်အတန်းမျိုး၊ ဘယ်လိုလစာမျိုးတွေ ခံစားရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားဖို့ လိုသလို စစ်မှုထမ်းပြီးတာနဲ့ အခမဲ့ဆေးကုသခွင့်၊ ဘယ်လိုအကျိုးခံစားခွင့်တွေရမယ်ဆိုတာ သိထားဖို့လိုပါတယ်။ စစ်မှုထမ်းဥပဒေကို အကြောက်လွန်နေတာက အသက်ပေး လက်နက်ကိုင်ရမှာဖြစ်ပြီး ဘာခံစားခွင့်မှ မရှိဘူးလို့ ထင်ကြလို့ပါ။ ဒါကြောင့် စစ်မှုထမ်းလို့ ရလာမဲ့ အခွင့်အရေးနဲ့ တာဝန်ကို ရှင်းရှင်းလင်းလင်းပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒီကာလကြီးမှာ ပြည်သူ့အတွက်ဆိုပြီး လက်နက်ကိုင် တိုက်ခိုက်နေတဲ့ PDF တွေတောင် လုံလောက်တဲ့လစာ၊ ခံစားခွင့်မရချိန်မှာ ဓားပြတိုက်၊ ဆက်ကြေးတောင်းတာမျိုး လုပ်နေတာဖြစ်လို့ စစ်မှုထမ်းဥပဒေအရ တပ်မတော်ထဲဝင် လက်နက်ကိုင်ရချိန်မှာလည်း၊ အခွင့်အရေးရရင် တောထဲပြေး၊ တောထဲမပြေးရင် ဓားပြတိုက်တာမျိုး မဖြစ်ဖို့၊ သမင်မွေးရင်း ကျားစားရင်းမဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်။

◾ မြန်မာတစ်ပြည်လုံး ပြည်တွင်းစစ်မဖြစ်ဖို့ ကူညီပေးမဲ့ ထိုင်း

“ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း ဒါမှမဟုတ် ပြီးခဲ့တဲ့ ၂ လကျော်က အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီလိုမျိုးတွေ့ဆုံဆွေးနွေးပြီးချိန်မှာ သူတို့တွေဟာ ကျွန်တော်နဲ့လည်းထပ်မံဆွေးနွေးခဲ့တယ်။ အဲဒီလိုမျိုး တွေ့ဆုံဆွေးနွေးချိန်မှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းနိုင်အောင် မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကြား ထိုင်းနိုင်ငံကို ကြားဝင်ဆောင်ရွက်ပေးဖို့ပုံစံမျိုးနဲ့ တောင်းဆိုခဲ့တယ်။ ထိုင်းအစိုးရဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကြောင့် အလုံးစုံပြည်တွင်းစစ်မဖြစ်ပွားစေဖို့ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင်ကြားဝင်ဆောင်ရွက်ပေးဖို အာရုံစိုက်နေတယ်။ ထိုင်းဟာ ဘက်မလိုက်တဲ့ ကြားနေနိုင်ငံ တစ်ခုအနေနဲ့ မြန်မာ့ ပြဿနာမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပိုမို အရှိန်မမြှင့်စေဖို တတ်နိုင်သမျှ ကူညီနိုင်မယ်ဆိုတာကို နိုင်ငံအများစုက သဘောတူထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ပြည်တွင်းစစ်အဖြစ် လုံးလုံးလျားလျား မကြီးထွားသွားအောင် ထိုင်းနိုင်ငံအနေနဲ့ ဘယ်လို ကဏ္ဍကနေ ပါဝင်နိုင်သလဲ ဆိုတာကိုလည်း အာရုံစိုက်သင့်ပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းစစ်မီး ပိုမိုမကြီးထွားအောင်လုပ်ဖို့အာရုံစိုက်သင့်တယ်”လို့ ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ပြောလာပါတယ်။

ဒီနေရာမှာ သတိပြုမိဖို့က လက်ရှိ မြန်မာ့ပဋိပက္ခတွေ တစ်ပြည်လုံးဖြစ်တဲ့ ပြည်တွင်းစစ်မီး အသွင်မဖြစ်ဖို့ ထိုင်းအစိုးရကို တိုက်တွန်းတဲ့နှစ်နိုင်ငံက မြန်မာ့အရေးမှာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်နဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အနိုင်မခံ အရှုံးမပေး စွက်ဖက်နေကြတဲ့ အမေရိကန်နဲ့ တရုတ်ဖြစ်နေတာကို တွေ့ရတာပါ။ လက်ရှိမြန်မာနိုင်ငံမှာ မြို့ပေါင်း ၂၀၀ ကျော်ဟာ တိုက်ပွဲဖြစ်နေပြီး မြို့ပေါင်း ၂၀၀ ကျော်ကပဲ အေးချမ်းနေတာပါ။ ကျေးရွာတွေမှာလည်း ကျေးရွာ ၂၀၀၀၀ လောက်က တိုက်ပွဲတွေနဲ့ဖြစ်နေပြီး စစ်ကိုကြိုလင့်တဲ့ ကျေးရွာပေါင်း ၁၀၀၀၀ လောက်နဲ့ မြို့ ပေါင်း ၅၀ လောက်က ပျက်စီးသွားပါပြီ။ ဒီလိုအခြေအနေမျိုးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သာ ပြည်တွင်းစစ်မီးကူးစက်ရင်တော့ မြန်မာနိုင်ငံဟာ လစ်ဗျားလို၊ ဆီးရီးယားလို၊ အီရတ်လိုမျိုး နာလန်မထူနိုင်တော့တဲ့ ဒီမိုကရေစီတိုက်ပွဲတွေကြားမှာ တစ်နိုင်ငံလုံး ဘ၀ပျက်၊ နိုင်ငံလည်းပျက်ပြီး ကွန်ဖက်ဒရိတ်အိပ်မက်တွေဟာ အငတ်ငတ်အပြတ်ပြတ် စစ်တလင်းမှာ အသက်ပေးရမဲ့ ပြည်သူနဲ့ ပြိုလဲပျက်စီးနေတဲ့ နိုင်ငံတော်ပဲ ပိုင်ဆိုင်ကြရပါမယ်။ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ ဖြေရှင်းတာဟာ လက်နက်ကိုင်ထားသူတွေ ကောင်းစားတာကလွဲရင် ပြည်သူနဲ့ နိုင်ငံအကျိုးမရှိဘူးဆိုတာ အကြမ်းဖက်မှုနဲ့ တိုက်ပွဲတွေ ဖိတ်ခေါ်နေတဲ့ ပြည်သူတွေလည်း အသိတရားရသင့်ပြီဖြစ်ပြီး ပိုကြီးတဲ့ ပြည်တွင်းစစ်မီးဖြစ်လာရင်တော့ ကျည်ဆံတွေ၊ ဗုံးတွေမှာ ဒါက PDF ထောက်ခံတဲ့အိမ်မို့လို့ ငါ့ကျည်ကျလို့မရဘူးဆိုတဲ့ အသိစိတ် ပါလာမှာမဟုတ်တာကြောင့် စစ်မြေပြင်မြို့လယ်မှာ ငိုပွဲဆင်နွှဲရတဲ့ဘ၀ မလွဲမသွေကြုံကြရနိုင်တာကြောင့် စစ်ပွဲတွေကို ဖိတ်ခေါ်ချင်တဲ့ အတွေးဆိုးတွေ ရပ်ပါတော့လို့ပဲ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *