သက်တန့်
၁၉. ၁၂. ၂၀၂၅
Brown တက္ကသိုလ်မှ ကျောင်းသားနှစ်ဦးနှင့် MIT ပါမောက္ခတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသူသည် DV ဗီဇာစနစ်ကို အသုံးပြု၍ အမေရိကန်သို့ ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရပြီးနောက် Diversity Visa (DV) ခေါ် Green Card Lottery အစီအစဉ်ကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem က ပြောကြားခဲ့သည်။
အာဏာပိုင်များက Brown တက္ကသိုလ် ပစ်ခတ်မှုတွင် သံသယရှိသူမှာ ထိုတက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် Claudio Valente ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီး New Hampshire ပြည်နယ်၊ Salem ရှိ ပစ္စည်းသိုလှောင်ရုံတစ်ခုအတွင်း၌ ၎င်း၏အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဝန်ကြီး Noem က X (ယခင် Twitter) တွင် “Brown တက္ကသိုလ် သေနတ်သမား Claudio Manuel Neves Valente ဟာ ၂၀၁၇ ခုနှစ်မှာ Diversity Lottery (DV1) အစီအစဉ်ကတစ်ဆင့် အမေရိကန်ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး Green Card ရရှိခဲ့တာပါ။ ဒီလို ယုတ်မာတဲ့သူမျိုးကို ကျွန်မတို့နိုင်ငံထဲ ဝင်ခွင့်မပေးခဲ့သင့်ပါဘူး။” ဟု ရေးသားခဲ့သလို ”၂၀၁၇ ခုနှစ်တုန်းကလည်း နယူးယောက်မြို့မှာ လူ ၈ ဦး သေဆုံးခဲ့ရတဲ့ ISIS အကြမ်းဖက်သမားရဲ့ ကားနဲ့တိုက်ခိုက်မှုဟာ DV အစီအစဉ်နဲ့ ဝင်လာသူက လုပ်ဆောင်ခဲ့တာဖြစ်လို့ သမ္မတထရမ့်ပ်က ဒီအစီအစဉ်ကို ရပ်တန့်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အခုလည်း သမ္မတထရမ့်ပ်ရဲ့ ညွှန်ကြားချက်အရ ဒီလိုဘေးအန္တရာယ်များတဲ့ အစီအစဉ်ကြောင့် အမေရိကန်နိုင်ငံသားတွေ ထပ်ပြီး ထိခိုက်နာကျင်မှု မရှိစေဖို့အတွက် USCIS ကို DV အစီအစဉ် ချက်ချင်းရပ်နားထားဖို့ ကျွန်မ ညွှန်ကြားလိုက်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။
ယခုအပတ် တနင်္လာနေ့က Massachusetts ပြည်နယ်၌ MIT ပါမောက္ခ Nuno Loureiro ကို ပစ်ခတ်လုပ်ကြံမှုမှာလည်း Valente ကပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်နေကြောင်း ဖက်ဒရယ်အစိုးရရှေ့နေများက ကြာသပတေးနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
Green Card Lottery အစီအစဉ် (Diversity Visa (DV) Program) သည် အမေရိကန်သို့ ပြောင်းရွှေ့အခြေချသူ နည်းပါးသည့် ကမ္ဘာ့နိုင်ငံများမှ လူပေါင်း ၅၅,၀၀၀ ကို နှစ်စဉ် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ ကျပန်းစနစ်ဖြင့် ချီးမြှင့်ပေးသည့် အစီအစဉ်ဖြစ်သည်။ ကံထူးသူများကို Lottery စနစ်ဖြင့် ရွေးချယ်သော်လည်း Green Card ရရှိရန်အတွက် ပညာရေး၊ လုပ်ငန်းအတွေ့အကြုံနှင့် နောက်ခံသမိုင်းကြောင်း သတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်သည်။
လျှောက်ထားသူများသည် အနည်းဆုံး အထက်တန်းပညာ (သို့မဟုတ်) နှင့်ညီမျှသော ပညာအရည်အချင်း ရှိရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက သတ်မှတ်ထားသော လုပ်ငန်းအတွေ့အကြုံ ၂ နှစ် ရှိရမည်ဖြစ်သည်။ လျှောက်ထားရာတွင် အခြေခံအချက်အလက်နှင့် ဓာတ်ပုံသာ လိုအပ်ပြီး လျှောက်လွှာကြေး ပေးဆောင်ရန် မလိုအပ်ပေ။
ရွေးချယ်ခံရသူများသည် ဗီဇာလျှောက်ထားမှုပုံစံများကို ဖြည့်စွက်ရခြင်း၊ နောက်ခံသမိုင်းကြောင်းနှင့် လုံခြုံရေးစစ်ဆေးမှုများ ခံယူခြင်း၊ အမေရိကန်သံရုံးတွင် လူကိုယ်တိုင် အင်တာဗျူးဖြေဆိုခြင်းနှင့် ကျန်းမာရေး၊ ငွေကြေးဆိုင်ရာ သတ်မှတ်ချက်များကို ပြည့်မီမှသာ Green Card ကို ထုတ်ပေးခြင်းဖြစ်သည်။
သမ္မတထရမ့်သည် ၂၀၁၇ ခုနှစ်ကတည်းက ဤအစီအစဉ်သည် “အဆိုးဆုံးထဲက အဆိုးဆုံးလူတွေကို ရွေးချယ်နေခြင်းဖြစ်သည်” ဟု ဆိုကာ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ၎င်း၏ ပထမသက်တမ်းအတွင်း နယူးယောက်၌ DV ရရှိထားသူတစ်ဦးက ကုန်တင်ကားဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဤအစီအစဉ်ကို ပယ်ဖျက်ရန် ကြိုးပမ်းခဲ့ဖူးသည်။ ၂၀၂၀ ပြည့်နှစ်တွင်လည်း ခေတ္တရပ်ဆိုင်းခဲ့သော်လည်း သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
လူသတ်တရားခံ Valente သည် ၂၀၀၀ ပြည့်နှစ် ဆောင်းဦးရာသီတွင် Brown တက္ကသိုလ်၌ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့လွန်ကျောင်းသားအဖြစ် ခေတ္တတက်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ် နွေဦးတွင် တက္ကသိုလ်မှထွက်ခွာခဲ့သည်။ ၎င်းသည် တိုက်ခိုက်မှုအတွင်း သေဆုံးသူများ သို့မဟုတ် ဒဏ်ရာရသူများနှင့် သိကျွမ်းသည့် အထောက်အထား မတွေ့ရှိရကြောင်း တာဝန်ရှိသူများက ဆိုသည်။
ပေါ်တူဂီနွယ်ဖွားဖြစ်သော Valente သည် ၂၀၀၀ ပြည့်နှစ်တွင် ကျောင်းသားဗီဇာဖြင့် အမေရိကန်သို့ ပထမဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်တွင် အမြဲတမ်းနေထိုင်ခွင့် (Green Card) ကို ရရှိခဲ့သည်။ ၎င်းသည် မည်သည့်နှစ်တွင် DV အစီအစဉ်ကို လျှောက်ထားရရှိခဲ့သည်ကိုမူ အတိအကျ မသိရသေးပေ။
Ref: Newsweek
