◾ အထောက်အထားမဲ့ ကန့်ကွက်မှုများက လုပ်ငန်းကြန့်ကြာမှု၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်မှုအပြင် အဂတိလိုက်စားမှုများပါ ဖြစ်ပေါ်စေခြင်းကြောင့် အထောက်အထားမဲ့ကန့်ကွက်မှုများ ဥပဒေအရ အရေးယူမည်ဟုပါ သတိပေး
သတိုး
၁၉. ၁၂. ၂၀၂၅
နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းအစိုးရများက အခွင့်အာဏာအရ လုပ်ကိုင်သည့်လုပ်ငန်းများကို အထောက် အထားမရှိဘဲ ကန့်ကွက်မှုများအား ထည့်သွင်းစဥ်းစားရန်မလိုဘဲ ဆက်လက်ဆောင်ရွက်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ညွှန်ကြားလိုက်သလို အထောက်အထားမဲ့ ကန့်ကွက်မှုများက လုပ်ငန်းကြန့်ကြာမှု၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်မှုအပြင် အဂတိလိုက်စားမှုများပါဖြစ်ပေါ်စေခြင်းကြောင့် အထောက်အထားမဲ့ကန့်ကွက်မှုများ ဥပဒေအရ အရေးယူမည်ဟုပါ သတိပေးလိုက်သည်။
အဆိုပါ သတိပေးချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်ကြော်ငြာစာအမှတ် (၂၁၄/၂၀၂၅) ဖြင့် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး အမိန့်ကြော်ငြာစာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့် အကောင် အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများတွင် အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်ခြင်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်နိုင်ရန် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အထားခိုင်လုံမှု မရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ ကန့်ကွက်ခြင်းများသည် လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေခြင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကို အဟန့်အတားဖြစ်စေခြင်း၊ မလိုလားအပ်သည့် အဂတိလိုက်စားမှုများဖြစ်ပေါ်စေခြင်းတို့ကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း စိစစ်တွေ့ရှိရသည်ဟုလည်း ကြေညာချက်က ဖော်ပြသည်။
ထို့အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့် မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများ၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရသောကုမ္ပဏီ၊ အဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့် ယင်းကန့်ကွက်မှုကို ထည့်သွင်းစဉ်းစား သုံးသပ်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်စေခြင်းတို့ပြုရမည့်အပြင် သက်ဆိုင်ရာလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်စေရမည်ဟု ကြော်ငြာစာတွင် ဖော်ပြထားသည်။
ယင်းသို့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်းအနှောင့်အယှက် ဖြစ်စေရန်အတွက်လည်းကောင်း၊ မတရားအကျိုးအမြတ် တစ်စုံတစ်ရာရယူရန်အတွက်လည်းကောင်း ကန့်ကွက်ခြင်းဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ပါက အဆိုပါကန့်ကွက်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် သက်ဆိုင်ရာတည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းကိုခံစေရမည်ဟုလည်း အမိန့်ကြော်ငြာစာတွင် သတိပေးဖော်ပြထားသည်။
