၁၉. ၁၂. ၂၀၂၅
MT News Editorial
ကမ္ဘာကျော် အမေရိကန်သမ္မတတစ်ဦးဖြစ်သည့် အေဘရာဟမ် လင်ကွန်းက နိုင်ငံအတွင်း ပြည်တွင်းစစ်နှင့် ပဋိပက္ခပြင်းထန်နေပြီး နိုင်ငံရေးပြဿနာများကို လက်နက်စွဲကိုင် တိုက်ခိုက်ဖြေရှင်းချင်သူတို့ အားကောင်းနေချိန်တွင် တစ်ချိန်ဆိုရိုးစကားဖြစ်လာမည့် “The ballot is stronger than the bullet”
(မဲလက်မှတ်သည် ကျည်ဆန်ထက် ပိုမိုစွမ်းအားကြီးမားသည်) ဟု ဆိုသည့် စကားကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားကာ နှစ်ပိုင်းခွဲထွက်တော့မည့် အမေရိကန်ပြည်ထောင်စုကို ယနေ့ကာလတွင် နှစ်ပေါင်း ၂၀၀ ကျော် တည်တံ့နေသည့် ဒီမိုကရေစီရှေ့ဆောင်နိုင်ငံကြီးအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့ပေသည်။
ယနေ့ မြန်မာနိုင်ငံသည်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ မဲမသမာမှုများမှ မြစ်ဖျားခံလာသော နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ငါးနှစ်နီးပါး ခံစားနေရပြီဖြစ်သည်။ ဤကာလအတွင်း ပြည်သူတို့သည် စစ်မီးများကြားတွင် မြေစာပင်ဖြစ်ခဲ့ရသလို၊ နိုင်ငံတော်၏ အချုပ်အခြာနှင့် တည်ငြိမ်ရေးမှာလည်း များစွာထိခိုက်ခဲ့ရသည်။ ဤရှုပ်ထွေးလှသော ဒုက္ခသံသရာမှ ရုန်းထွက်နိုင်ရန်မှာ လက်နက်ကိုင်လမ်းစဉ်မဟုတ်ဘဲ နိုင်ငံရေးအရ အဖြေရှာမည့် “ရွေးကောက်ပွဲ” ကျင်းပနိုင်ရေးပင် ဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပူတာအိုမြို့တွင် ပြောကြားခဲ့သကဲ့သို့ “ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှသာ လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့် အစိုးရအား နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်နိုင်မည်” ဆိုသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော နိုင်ငံရေးထွက်ပေါက်တစ်ခုလည်း ဖြစ်ပေသည်။ အကယ်၍သာ ရွေးကောက်ပွဲကို အကြောင်းပြချက်မျိုးစုံဖြင့် နှောင့်ယှက်နေမည်ဆိုပါက ပြည်သူလူထုမှာ လက်နက်ကိုင်တို့၏အကြမ်းဖက်မှုနှင့် တပ်မတော်၏ စီမံအုပ်ချုပ်မှုအောက်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ နိုင်ငံတကာဖိအားနှင့် ကျပ်တည်းမှုများကြားတွင် ပြည်သူတို့၏ ဒုက္ခမှာလည်း ပိုမိုရှည်ကြာနေဦးမည် ဖြစ်သည်။ “Bad officials are elected by good citizens who do not vote” (မကောင်းသော အုပ်ချုပ်သူများသည် မဲမပေးဘဲနေသည့် ကောင်းသောနိုင်ငံသားများကြောင့် ရာထူးရလာကြခြင်းဖြစ်သည်) ဟူသော စကားအရ ပြည်သူတို့အနေဖြင့် မိမိတို့၏ အခွင့်အရေးကို အသုံးချရန် လိုအပ်ကာ ရွေးကောက်ပွဲ မဲပေးရန် မဖြစ်မနေ လိုအပ်လှပေသည်။
လက်ရှိတွင် NUG၊ PDF နှင့် အချို့သော EAO အဖွဲ့အစည်းများက နိုင်ငံ့နယ်မြေ ၆၀၊ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားသည်ဟု ဝါဒဖြန့်ပြောဆိုနေကြသော်လည်း လက်တွေ့မြေပြင်တွင်မူ မြို့နယ် ၅၆ မြို့နယ်ခန့်ကိုသာ အကြမ်းဖက်နည်းလမ်းဖြင့် နှောင့်ယှက်ထိန်းချုပ် ထားနိုင်သည်ကိုလည်းတွေ့ရပေမည်။ အရေးကြီးသော အချက်မှာ ထိုအကြမ်းဖက်အဖွဲ့အစည်းများသည် ၎င်းတို့ထိန်းချုပ်ထားသည်ဆိုသော နယ်မြေများတွင် ပြည်သူလူထုအတွက် တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုနှင့် တရားဝင်သော ရွေးကောက်ပွဲမျိုးကို လုံးဝဖော်ဆောင်ပေးနိုင်မှု မရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံကို ပြုပြင်ပြောင်းလဲရန်ထက် ရွေးကောက်ပွဲကို ပျက်ပြားစေပြီး နိုင်ငံတော်ကို အမှောင်ထုအတွင်း ဆက်လက်ရှိနေစေရန်သာ ဦးတည်နေသည်မှာ အထင်အရှား ဖြစ်သည်။
သမိုင်းကို ပြန်ကြည့်လျှင် တပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာလွှဲပြောင်းပေးရန် ဝန်လေးခဲ့သူများ မဟုတ်ကြောင်း ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲဖြစ်စဉ်များက သက်သေပြခဲ့ပြီးဖြစ်သည်။ ထိုနှစ်များတွင် အေးချမ်းစွာ အာဏာလွှဲပေးခဲ့သဖြင့် ဒီမိုကရေစီ၏ အရသာကို ပြည်သူများ ခံစားခဲ့ရသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်တွင် NLD အစိုးရ၏ အာဏာလောဘနှင့် မဲမသမာမှုများကြောင့်သာ နိုင်ငံတော်ကြီး တစ်ခုလုံး ဆုတ်ယုတ်ပျက်စီးခဲ့ရပေသည်။ ယခုအခါ တပ်မတော်သည် ထိုကဲ့သို့သော မဲမသမာမှုဆိုင်ရာ မှားယွင်းမှုမျိုး ထပ်မံမဖြစ်စေရန် ဒီဂျစ်တယ်စနစ်ဖြစ်သော MEVM မဲပေးစက်များကို အသုံးပြုကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဖော်ဆောင်ရန် စီမံနေပြီ ဖြစ်သည်။
ဤရွေးကောက်ပွဲသည် ပြည်သူတို့၏ လက်ထဲမှ ဆုံးရှုံးသွားသော လူထုအာဏာ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ရယူမည့် ပွဲဖြစ်သည်။ ရွေးကောက်ပွဲကို ဖျက်ဆီးလိုသူများသည် ရွေးကောက်ပွဲဖြစ်မြောက်ပြီး ပြည်သူများ၏ အလှူငွေများ မရရှိတော့ပါက ငတ်ပေါက်တိုးကြမည်ကို ကြောက်ရွံကြသဖြင့် ၎င်းတို့သည် ရွေးကောက်ပွဲကိုဖျက်ကာ ပြည်သူကို လက်နက်ကိုင်များအောက်တွင် ဆက်လက်ကျွန်ပြုထားလိုသူများ ဖြစ်သည်။ “The election belongs to the people. It’s their decision” (ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းခြင်းဖြစ်ပြီး၊ အနာဂတ်၏ ကံကြမ္မာသည် ပြည်သူတို့၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ တည်ရှိသည်) ဟူသော စကားအတိုင်း ကျွန်ုပ်တို့ ပြည်သူများ စည်းလုံးမှုရှိရှိဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို လျှောက်လှမ်းမည်ဆိုပါက တပ်မတော်က အာဏာလွှဲပေးသည်နှင့်တစ်ပြိုင်နက် လာမည့် ၂၀၂၆ ခုနှစ်မှစတင်ကာ နိုင်ငံသည် အကောင်းဘက်သို့ ပြန်လည်ဦးတည်လာမည်မှာ မုချမသွေ ဖြစ်လာမည်ဟုလည်း MT News က ယုံကြည်လက်ခံထားပေသည်။
ထိုယုံကြည်လက်ခံမှု အမှန်တကယ်ဖြစ်မြောက်ကာ နိုင်ငံနှင့်ပြည်သူတို့ အကောင်းဘက်ဦးတည်ရေး ပထမခြေလှမ်းမှာ ရွေးကောက်ပွဲဖျက်လိုသူများ၏ သွေးထိုးစကားကို နားမယောင်ရန်၊ ပြည်သူများက မဲပေးရန်၊ ရွေးကောက်ပွဲအောင်မြင်ရန်နှင့် တပ်မတော်က အာဏာလွှဲပြောင်းပေးရန်ဆိုသည့် အခြေအနေ လေးရပ်အပေါ် မူတည်နေသည်။ ထိုလေးရပ်စလုံးအောင်မြင်ရန်မှာလည်း ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်ခန့်အထိ ရက်ပေါင်း ၄၀ ခန့်သာ အားစိုက်ထုတ်ရန် လိုအပ်ပြီး ရွေးကောက်ပွဲအားလုံးအပြီး ၂၀၂၆ ဖေဖော်ဝါရီ သို့မဟုတ် မတ်လတွင် အနိုင်ရအမတ်များ လွှတ်တော်ခေါ်ကာ အစိုးရဖွဲ့စည်းခြင်းမှတစ်ဆင့် မြန်မာနိုင်ငံသည် အကောင်းဘက်သို့ ဦးတည်ပြောင်းလဲနိုင်မည် ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်မြောက်ခြင်းသည် ပြည်သူလူထု ဒုက္ခတွင်းမှ လွတ်မြောက်ခြင်းဖြစ်သလို၊ နိုင်ငံတော်၏ အနာဂတ် ရောင်နီသစ်ကို ပျိုးထောင်ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်များအကြားတွင် ငါးနှစ်တာ ဝဋ်ခံပြီးသော ပြည်သူများအနေဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ရွေးချယ်နိုင်ရန်နှင့် နိုင်ငံတော် ပြန်လည် တည်ငြိမ်အေးချမ်းစေရန် အတွက် ရွေးကောက်ပွဲအောင်မြင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် MT News က တိုက်တွန်းနှိုးဆော်အပ်ပေသည်။
