၁၉.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာလ ၁၂ ရက်က ပစ်ခတ်ခံခဲ့ရတဲ့ လူသိများတဲ့တက်ကြွလှုပ်ရှားသူ ရှာရစ်အော့စ်မန်ဟာဒီဟာ ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းက ကြေညာအပြီးမှာ မြို့တော်ဒက်ကာနဲ့ နိုင်ငံတစ်ဝန်း အကြမ်းဖက်ဆန္ဒပြမှုတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒက်ကာတက္ကသိုလ် ဗဟိုကျောင်းသားများသမဂ္ဂ (Ducsu)၊ ဒက်ကာတက္ကသိုလ် အခြေစိုက် ကျောင်းသားအဖွဲ့အစည်းအများအပြားနဲ့ အင်ကွီလာ့ဘ် မန်ချာ ယဉ်ကျေးမှုအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ အော့စ်မန် ဟာဒီကို ထောက်ခံသူတွေက မြို့တော်အတွင်း ရှာဘတ်ရပ်ကွက်မှာ ထိုင်သပိတ်မှောက်ဆန္ဒပြခဲ့ကြပြီး သူ့ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဟာဒီရဲ့သေဆုံးမှုသတင်းပျံ့နှံ့ပြီးနောက် မကြာမီ ဒီဇင်ဘာလ ၁၈ ရက်ညမှာ ဆန္ဒပြပွဲတွေ စတင်ခဲ့တာပါ။ မျက်မြင် သက်သေတွေက ဆန္ဒပြသူတွေဟာ ရာဂျူးအထိမ်းအမှတ်ရုပ်တုရှေ့ စုဝေးခဲ့ကြပြီး ဟာဒီကိုသတ်ဖြတ်သူတွေကို အပြစ်ပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်လို့ ပြောခဲ့ကြပါတယ်။
ရှာဘတ်အနီးက လမ်းတွေပေါ်မှာ လုံခြုံရေးကို အားကောင်းစေဖို့အတွက် လမ်းနှစ်ဖက်စလုံး အတားအဆီးများ ချထားပြှီး ရဲတပ်ဖွဲ့ဝင်တွေက ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဖို့ အသင့်ရှိနေခဲ့ကြပါတယ်။
စင်ကာပူအထွေထွေဆေးရုံမှ ဆရာဝန်တွေက ဒီဇင်ဘာလ ၁၈ ရက် ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ည ၉:၄၅ နာရီမှာ အော့စ်မန်ဟာဒီ သေဆုံးသွားပြီလို့ကြေညာခဲ့တယ်ဆိုတာ အင်ကွီလာ့ဘ် မန်ချာအဖွဲ့ ဒက်ကာတက္ကသိုလ် ယူနစ်ကို ဦးဆောင်သူ ဆာအိဒ် ဟာဆန်က ပြောကြားခဲ့ပါတယ်။
ဟာဒီဟာ ဒက်ကာမြို့အတွင်း ပူရာနာ ပါလ်တန်ရပ်ကွက်ရှိ Box Culvert လမ်းဧရိယာမှာ ဒီဇင်ဘာ ၁၂ ရက်က ပစ်သတ်ခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာပါ။ သူ့ကို ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှာတော့ အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ လေကြောင်းလူနာတင်ယာဉ်နဲ့ စင်ကာပူကို ပို့ဆောင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲတပ်ဖွဲ့က ဟာဒီကို လုပ်ကြံသတ်ဖြတ်မှုမှာပါဝင်တဲ့ သေနတ်သမားနဲ့ ဆိုင်ကယ်မောင်းသူနှစ်ဦးစလုံးက အိန္ဒိယနိုင်ငံမှ တရားမဝင် ဝင်ရောက်လာတာလို့ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
Ref- Dhaka Tribune



