၁၉.၁၂.၂၀၂၅
Written by Linn Eain
အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက်သူများပြားလွန်းသဖြင့် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ခွင့်လက်မှတ်များ တန်းစီဝယ်ယူနေရသည်ကို တွေ့မြင်ရသည်။
အာကာသပြတိုက်သို့ လာရောက်လေ့လာ ကြည့်ရှုသူ များပြားသဖြင့် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူပိတ်ရက်များတွင် ပြသချိန် တိုးမြှင့်ပြသလျက်ရှိပြီး တိုးမြှင့်ချိန်အဖြစ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြတိုက်ရှေ့တွင် ကြေညာထားသည်။
ဒီဇင်ဘာ ၁၉ ရက်သည် ကရင်နှစ်သစ်ကူးနေ့ အများပြည်သူပိတ်ရက်ဖြစ်၍ ယခင်ရက်များထက် လာရောက်သူများပြားခဲ့ပြီး ပြတိုက်ဝင်ခွင့်လက်မှတ်များကို တန်းစီဝယ်ယူနေရခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်(အလုံလမ်းဘက် ဝင်ပေါက်)ရှိ အာကာသပြတိုက် (ရန်ကုန်)သည် ယခင်နက္ခတ်တာရာ ပြခန်းကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်၍ ပြန်လည်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အာကာသပြတိုက်(ရန်ကုန်)၏ ဝင်ကြေးလက်မှတ်မှာ ကျောင်းသား၊ သံဃာ၊ သီလရှင် တစ်ဦးလျှင် ၅၀၀ ကျပ်၊ လူကြီး (၁၂) နှစ်အထက် တစ်ဦးလျှင် ၁၅၀၀ ကျပ်၊ ကလေး (၁၂)နှစ်အောက် တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသား တစ်ဦးလျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး သီးသန့်ပြပွဲတစ်ပွဲလျှင် အနည်းဆုံး (၅၀၀၀၀)ကျပ် သတ်မှတ်ထားသည်။
ပြတိုက်ကို အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ ရက်ထိဖွင့်လှစ်ပြီး တနင်္လာနေ့ တစ်ရက်ပိတ်ကြောင်း သိရသည်။
၁၉၈၇ ခုနှစ်တွင် မြန်မာ – ဂျပန်ချစ်ကြည်ရေးအစီအစဉ်ဖြင့် တည်ဆောက်ပေးခဲ့သည့် နက္ခတ် GOTO Analog Planetarium Projection System ဖြင့် ကြည့်ရှုနိုင်မည့် အာကာသပြတိုက်(ရန်ကုန်) ပြသမှုအစီအစဉ်များတွင် ပြခန်း(၁) – နက်ရှိုင်းအာကာသလေ့လာရေးအစီအစဉ် (Deep Space Exploration)၊ ပြခန်း(၂) – အာကာသစခန်းနှင့် အာကာသဝတ်စုံများနှင့် လျှောက်လမ်း – နက္ခတ္တဗေဒ Timeline နှင့်နိုင်ငံတကာမှဒုံးပျံများ၊ ဂြိုဟ်တုများ၊ ဒုံးပျံလွှတ်တင်ရေး Simulation နှင့် VR simulation၊ ပင်မပြခန်းတွင် နက္ခတ်တာရာနှင့် အာကာသလေ့လာရေးအစီအစဉ်များကို Digital Planetarium Projection System ဖြင့် ပြသမည်ဖြစ်သည်။
Digital Planetarium Projection System တွင် ပြသမည့် အစီအစဉ်များမှာ အင်္ဂါနေ့တွင် From Earth to The Universe – လူသားနှင့် နက္ခတ်တာရာ၊ ဗုဒ္ဓဟူးနေ့တွင် Big Astronomer – နက္ခတ်တာရာလေ့လာရေး၊ ကြာသာပတေးနေ့တွင် Out There- အာကာသပတ်ဝန်းကျင်နှင့်ပြင်ပဂြိုဟ်သားများ၊ သောကြာနေ့တွင် Dark Matter – အာကာသထဲရှိ စွမ်းအင်များ၊ စနေနေ့တွင် Hol Energetic Universe – အာကာသရှိ အပူနှင့် စွမ်းအင်၊ တနင်္ဂနွေနေ့တွင် The Sun, Our Living Star – နေ (သို့မဟုတ်) ကျွန်ုပ်တို့၏သက်ရှိကြယ်တစ်စင်း အစီအစဉ်တို့ဖြစ်ကြောင်း သိရသည်။
















