MT News Editorial

မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် အကျင့်ပျက် ခြစားမှုကို ဆန့်ကျင်တိုက်ဖျက်လာကြသော်လည်း အမြစ်ပျက် ပျောက်ကွယ်သွားခြင်းမရှိခဲ့သည့်အပြင် အုပ်ချူပ်သူလူတန်းစားများကပင် ဦးဆောင်၍ အဂတိလိုက်စားသဖြင့် အရေးယူခံရမှုများကိုလည်း မကြာခဏတွေ့မြင်နေရပေသည်။

အုပ်ချုပ်သူများသာမက အစိုးရဝန်ထမ်းအချို့သည်လည်း ဥပဒေကို ဖောက်ဖျက်၍ အစိုးရနှင့် အစိုးရဝန်ထမ်း တစ်ဦး စောင့်ထိန်းအပ်သည့် ဂုဏ်သိက္ခာကို မျက်ကွယ်ပြုကာ အဂတိလိုက်စားမှု ပြစ်မှုကျူးလွန်ခဲ့ကြပေသည်။ ထို့ကြောင့် အကျင့်ပျက်ခြစားမှုသည် ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ပြန့်ပွားလာခဲ့ရာ ကန်တော့၍ လာဘ်ပေးသည့် အလေ့အထသည်လည်း တွင်ကျယ်လာရပေသည်။

အာဏာအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုသည် လူထုက အထူးစိတ်ဝင်စားသည့် ကဏ္ဍများဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုကို ခွင့်လွှတ်သော အရေးမယူသောဖြစ်စဉ်များကို မြင်တွေ့တိုင်း လက်ညှိုးထိုးဝေဖန်သည့် အခြေအနေများကိုလည်း ယခင်အစိုးရဟောင်းလက်ထက်က မကြာခဏ တွေ့မြင်ရပေသည်။

အကျင့်ပျက်ခြစားမှုသည် အုပ်ချုပ်စီမံရေးနှင့် လူ့အခွင့်အရေးများကို အဟန့်အတားဖြစ်စေကာ ထိခိုက်ရသည်မှာ တိုင်းပြည်၏ ဂုဏ်သိက္ခာ၊ နိုင်ငံရေးလုပ်ငန်းစဉ်နှင့် စီးပွားရေးကို ယိုယွင်းပျက်စီးစေလျက်သာ ဖြစ်နေပြန်ပေသည်။

အာဏာအလွဲသုံးစားမှုများ၊ တံစိုးလက်ဆောင်မက်မောမှုများသည် အဂတိလိုက်စားမှုများကို အဓိကဖြစ်ပွားစေသော အရင်းခံများဖြစ်ရာ လက်ဆောင်ပေးမှုမှာ ချစ်၍ပေးသည်ဟုဆိုတာ ပျော်ပျော်ရွှင်ရွှင်လာဘ်ယူသည်မှာလည်း မြန်မာနိုင်ငံမှ အာဏာရှိသူများအတွက် ထူး၍မဆန်းသော လာဘ်ယူမှုသာ ဖြစ်လေသည်။

ထိုသို့ ပျော်ပျော်ရွှင်ရွှင်လာဘ်ယူခဲ့သော၊ ပြီးခဲ့သော အစိုးရဟောင်းလက်ထက်တွင် တံစိုးလက်ဆောင်များ ရယူခြင်း၊ အဂတိလိုက်စားသူများကို တာဝန်မှ အနားပေးခြင်းဖြင့်သာ ဟန်ပြလုပ်ခဲ့ပြီး ထိရောက်စွာအရေးမယူခြင်းများကြောင့် လက်ရှိအစိုးရလက်ထက်တွင်မှ အစိုးရတာဝန်ယူထားသူများစွာကို အရေးယူခဲ့ရာ သမ္မတအဆင့်မှသည် လာဘ်ပေးလာဘ်ယူသူရာချီ အရေးယူခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း ကျပ်ဘီလျံ ၂၆၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၁၃၃ သိန်းကျော် နစ်နာအောင် လာဘ်စားခဲ့သူများကို ထိရောက်စွာအရေးယူခဲ့ရပေသည်။

ထိုသို့ NLD အစိုးရဟောင်းအဖွဲ့များကိုသာမက လက်ရှိ SAC အစိုးရခန့်အပ်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း၊ စီးပွားရေးဝန်ကြီးဟောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှုးဟောင်းတို့ကိုလည်း မြေယာကိစ္စကျပ်သိန်းပေါင်းသောင်းချီ လာဘ်စားမှုများဖြင့် ဒီဇင်ဘာ ၇ ရက်တွင်ပင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်ကိုလည်း တွေ့မြင်ရပြန်ပေသည်။

ထိုမျှ အရေးယူနေသော်လည်း မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှုများမှာ နေရာအနှံ့အပြားတွင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ကိုလည်း ကြားသိနေရပြန်ပေသည်။

အဂတိလိုက်စားမှုဟူသည် ငွေကြေးတစ်ခုသာမက “ဆန္ဒာဂတိ။ ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း၊ ဒေါသာဂတိ။ စိတ်ဆိုးသဖြင့်မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း၊ မောဟဂတိ။ ဆင်ခြင်တုံတရား မရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း၊ ဘယာဂတိ။ ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း” ဟူ၍ အဂတိလေးပါး သတ်မှတ်ကြလေရာ ထိုလေးပါးကို ငြိစွန်းကျုးလွန်သူတိုင်းမှာ အဂတိမြောက်လာသည်ကိုသည်ကိုလည်း ပြည်သူများနားလည်ရန် လိုအပ်ပေသည်။

ချစ်ခြင်း၊ ဒေါသသင့်ခြင်း၊ ဆင်ခြင်တုံတရားမရှိခြင်း၊ အကျိုးစီးပွားမျှော်၍ ဘက်လိုက်ခြင်းနှင့် မိမိအကျိုးစီးပွားထိခိုက်မည်ကြောက်၍ ဘက်လိုက်ခြင်း စသည့် အဂတိများ အမြဲတစေထွန်းကားနေသည့် နိုင်ငံတစ်ခုသည် ထိုအဂတိမှုများ အမြစ်ပြတ်စေရေး ယခုထက်ပို ပြင်းထန်စွာတိုက်ဖျက်သင့်သည့် အ​ခြေအနေ ဆိုက်ရောက်နေပြီဖြစ်သည်။

ထို့ကြောင့် ငွေကြေး၊ အာဏာနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားပြုကာ အဂတိလေးပါးဖြင့် လာဘ်စားမှုများကို ယခုထက်ပိုမိုပြီး ထိရောက်စွာတိုက်ဖျက်ခြင်းဖြင့် အဂတိကင်းစင်သည့် လူ့အသိုင်းအဝိုင်းနှင့် အဂတိကင်းစင်သော အစိုးရအဖြစ် ကမ္ဘာ့အလယ်ဂုဏ်ဝင့်ထည်စေအောင် အဂတိ လိုက်စားသူမှန်သမျှ မည်သူ့ကိုမျှ မျက်နှာသာမပေးသောမူများ၊ မည်သည့်ကာလတွင်မျှ လွတ်ငြိမ်းခွင့်မပေးသည့်မူများဖြင့်သာ ပြင်းထန်ထိရောက်စွာ ဆက်လက် အရေးယူပေးပါရန်လည်း ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တာဝန်ရှိသူများကို MT News သတင်းဌာနက တိုက်တွန်းတောင်းဆိုလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *