MT News

Written by Min Mahar

စစ်ကိုင်းမြို့နယ်တွင် PDF များက အမျိုးသမီးတစ်ဦးနှင့် လူငယ်နှစ်ဦး လိုက်ပါမောင်းနှင်လာကာ စျေးဝယ်ပြီးပြန်လာသည့်ကားအားတားပြီး သတင်းပေးဒလန်ဟု စွပ်စွဲပြီး လူ ၃ ဦးအားသတ်ဖြတ်၍ ကားကိုလုယူသွားခဲ့မှု ဒီဇင်ဘာ ၈ ရက် နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ (စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၂၀ မိုင်ခန့်အကွာ)တွင် နေထိုင်သူများဖြစ်ကြသော အသက် ၂၅ နှစ်အရွယ် ကိုစိုးဝင်းထွန်းမောင်းနှင်လာသည့် လိုက်ထရက်အဖြူရောင်ကားပေါ်တွင် ဒေါ်မြင့်နွယ်နှင့် ၎င်း၏သားဖြစ်သူ ၁၇ နှစ်အရွယ် မောင်မျိုးလွင်တို့ လိုက်ပါလာသော မော်တော်ကားသည် စစ်ကိုင်းမြို့ဘက်မှ ဈေးဝယ်ပြီးပြန်လာခဲ့ရာ မာလဲတောကျေး ရွာအဝင်နားအရောက်တွင် အမည်မသိသေနတ်သမားများ ၁၅ ဦးခန့်က မော်တော်ယာဉ်အား တားဆီး၍ ယာဉ်ပေါ်ပါ ၃ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လိုက်ထရပ်ကားနဲ့ မနေ့ကနေ့လည်လောက်က စစ်ကိုင်းမြို့ကို စျေးတက်ဝယ်ကြတာ။ ပြန်မလာကြလို့ လိုက်သွားကြည့်မှ လမ်းဘေးမှာ အသတ်ခံထားရတဲ့ အလောင်းတွေကို တွေ့လိုက်ပြီး ကားကမတွေ့တော့ဘူး။ လူမဆန်စွာရက်စက်လိုက်ကြတာ။ အဲဒါနဲ့အနီးပတ်ဝန်းကျင်ကိုလိုက်မေးကြည့်တော့ ညနေစောင်းက သေနတ်ကိုယ်စီကိုင်ထားတဲ့ လူ ၁၅ ယောက်လောက်က အသတ်ခံရသူတွေကို မင်းတို့တွေက သတင်းပေးဒလန်တွေပဲဆိုပြီး ပစ်သတ်သွားကြပြီးတော့ ကားကိုယူသွားကြတာလို့ သိလိုက်ရတယ်။ သူတို့ကို သတင်းပေးဒလန်တွေလို့စွပ်စွဲပြီးတော့ လုပ်ကြံသတ်ဖြတ်လိုက်တာပဲဖြစ်မယ်” ဟု အသတ်ခံရသည့်သူများနှင့် အမျိုးတော်စပ်သူက ယမန်နေ့က ဆိုသည်။

အဆိုပါအခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *