၂၃.၃.၂၀၂၄
Written by Thin Zar

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်းတောင်းမြို့၊ တလုပ်ပင်အုပ်စု၊ တလုပ်ပင်ကျေးရွာအထက် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၂၉/၃ တွင် ဆီဘောက်ဆာယာဥ်တစ်စီးမှာ အရှိန်လွန်၍ ရေမြောင်းထဲထိုးကျရာက အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက် နေ့လည် ၂ နာရီခန့်တွင် ဥသျှစ်ပင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ ဆီဘောက်ဆာယာဥ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်စစ်ဆေးကြည့်ရှုရာ ယာဥ်၏ခေါင်းနှင့် နောက်တွဲအားချိတ်ထားသည့် U4 နပ်မှာ ပြုတ်ထွက်သောကြောင့် ယာဥ်မောင်းမှာ အရှိန်မထိမ်းနိုင်ဘဲ ကားမှာ လမ်းဘေးဘယ်ဘက်ခြမ်းရှိ ရေမြောင်းအတွင်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ထိုဆီဘောက်ဆာယာဥ်မှာ ကြံခင်းမြို့၊ ဖရဲမြို့ရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းသို့ ဒီဇယ်ဆီဂါလံ (၁၆၀၀)အားသွားရောက်ပို့ဆောင်ရမည့် ဆီဘောက်ဆာဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း အသက် (၅၉) နှစ်အရွယ် အမျိုးသားမှာ ဘယ်ဘက်ချိုစောင်းနှင့်ညာဘက်ပခုံးတို့တွင် မစိုးရိမ်ရသည့် ဒဏ်ရာနှင့် ယာဥ်နောက်လိုက်ဖြစ်သည့် အသက် (၄၂) အရွယ် အမျိုးသားမှာ ခန္ဓာကိုယ်နေရာအများစုတွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများရရှိ၍ ၎င်းမှာစိုးရိမ်ရကြောင်း သိရသည်။

ထို့နောက် ဒဏ်ရာရရှိသူနှစ်ဦးကို ဥသျှစ်ပင်ဆေးရုံမှ ပြည်ဆေးရုံသို့ လွဲပြောင်းဆေးကုသမှုခံယူရကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *