၂၃. ၃. ၂၀၂၄
Translated by Thettant

မနေ့က သောကြာနေ့မှာ မော်စကို မြို့စွန် ခရိုကက်စ် မြို့တော်ခန်းမထဲက ရော့ခ်ကပွဲထဲကို ၄ ဦးထက်မနည်းတဲ့ ISIS အဖွဲ့ဝင်တွေ အုပ်စုလိုက်ဝင်လာပြီး လူအုပ်ထဲကို စိမ်ပြေနပြေပစ်ခတ်သွားခဲ့တာပါ။ မြို့တော်ခန်းမ ထဲမှာ ရော့ခ်ပွဲစတော့မယ့်အချိန် ISIS သေနတ်သမားတွေဟာ ဝင်ပေါက်ကနေ အထဲကို ရောက်လာပြီး ပစ်ခတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကပွဲလာတဲ့ ပရိသတ်တွေထဲက ဖုန်းနဲ့ ရိုက်ထားတဲ့ ရုပ်သံ ကလစ်တွေကို Kommersant သတင်းစာက ပြန်လည်ဖော်ပြထားမှုအရ ISIS သေနတ်သမားတွေက ပစ်လိုက် ရပ်လိုက်နဲ့ သွေးအေးအေးနဲ့ ပစ်ခတ်တိုက်နေတာ တွေ့ရပြီး Russia 24 အဆိုအရတော့ ဒီတိုက်ခိုက်မှုဟာ Picnic ဂီတအဖွဲ့ ဖျော်ဖြေမှုမတိုင်ခင် ဖြစ်ခဲ့တာပါ။

ဒါ့အပြင် မီးလောင်ဗုံးထောင်ပြီး ဖောက်ခွဲမှုပြုလုပ်ပြီး ကပွဲရုံကို မီးရှို့ခဲ့တာကြောင့် ကပွဲရုံနေရာအများစုမီးလောင်ခဲ့သလို အမိုးတွေလည်းပြိုကျခဲ့ပြီး ဒီတိုက်ခိုက်မှုတွေအပြီးမှာတော့ ISIS အကြမ်းဖက်တွေဟာ အဖြူရောင် Renault ကားနဲ့ ပြန်လည်ထွက်ခွာသွားတာကို တွေ့ရပါတယ်။

ISIS အဖွဲ့ရဲ့ ဒီလိုမျိုးအကြမ်းဖက် ပစ်ခတ်မှုကြောင့်အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ပြီး အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ လူ ၆၀ ကျော်သေဆုံးတယ်လို့ဆိုသလို ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

ဆယ်စုနှစ်များစွာအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမှာ အပြင်းထန်ဆုံးအကြမ်းဖက်မှုဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ရာမှာ ကလေးငယ် ၅ ဦးအပါအဝင် လူပေါင်း ၁၁၅ ဦးကို ဆေးရုံတင်ထားရသလို လူ ၆၀ ကတော့အလွန်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင် ရုရှားနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက သူ့နိုင်ငံသားတွေကို မော်စကိုမှာ အစွန်းရောက်အကြမ်းဖက်တွေ စုဝေးတိုက်ခိုက်မှုဖြစ်နိုင်လို့ လူစုလူဝေးနေရာတွေရှောင်ရှားဖို့ထုတ်ပြန်ခဲ့သလို ဒီပြောဆိုမှုအပေါ် ပူတင်ကတော့ ရန်စတာ၊ ရုရှားလူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်အောင် ခြိမ်းခြောက်တာလို့ တုံ့ပြန်ခဲ့ပေမဲ့ အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်တွေကတော့ တကယ့်ကိုတိုက်ခိုက်မှုပြုခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ အင်မတန်ဆိုးရွားတဲ့ တိုက်ခိုက်မှုဖြစ်ရပ်ဆိုးလို့ မော်စကိုမြို့တော်ဝန် Sergei Sobyanin က ​ပြောခဲ့သလို အခု စနေ၊ တနင်္ဂနွေပိတ်ရက်မှာ မြို့တော်မှာရှိတဲ့ လူထုအခမ်းအနားတွေအားလုံး ဖျက်သိမ်းကြောင်း ကြေညာခဲ့သလို သေဆုံးသွားသူတွေရဲ့ မိသားစု ဆွေမျိုးတွေ ဝမ်းနည်းရပါကြောင်းနဲ့ လိုအပ်တာတွေကူညီပေးသွားမယ်လို့လည်း ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် က အခုလို အကြမ်းဖက် တိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး ဒဏ်ရာရသူတွေ အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းလိုက်တယ်လို့ သူ့ရဲ့ ပြောခွင့်ရက ပြောသလို ယူကရိန်းသမ္မတအကြံပေးကလည်း ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး “ယူကရိန်းဟာ အကြမ်းဖက်နည်းလမ်းတွေကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ဘူး”လို့ ငြင်းချက်ထုတ်ခဲ့တာလည်း တွေ့ရပါတယ်။

Ref, CNN & Kommersant

Leave a Reply

Your email address will not be published. Required fields are marked *