၂၂. ၃. ၂၀၂၄
Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အပိုင်အတွင်းက မှန်ကျေးရွာမှာ ဒီနေ့ မတ်လ ၂၂ ရက် ညနေ ၃ နာရီ ကျော်ခန့်က တောမီးကတစ်ဆင့် မီးလောင်မှု ဖြစ်ပွားပြီး ရွာရှိအိမ်ခြေအကုန်နီးပါး မီးထဲ ပါသွားတယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။

ရွာမှာ အိမ်ခြေ ၁၈၀ ကျော်ရှိပြီး အိမ်ထောင်စု ၇၀ နီးပါးနဲ့ လူဦးရေ ၁၀၀၀ နီးပါးရှိတဲ့ ရွာဝိုင်းသဏ္ဍာန် တည်ထားတဲ့ရွာလို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွား​တဲ့ သတင်းရရှိတာကြောင့် မင်းတုန်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၃)စီး၊ မယ်ဇလီနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တိုင်နယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ်(၁)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၂၅ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရွာသူရွာသားတွေက အဆင်ပြေတဲ့နေရာမှာ ခေတ္တနေထိုင်နေကြပြီး တချို့ဆို လူအလွတ်သာရှောင်နိုင်တဲ့အတွက် အဝတ်အစားတောင် ခါးဝတ်ခါးစားသာပါတဲ့အခြေအနေလို့ ဒေသတစ်ဦးထံကနေ သိရပါတယ်။ အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် လူထိခိုက်မှု မရှိပေမယ့် တိရစ္ဆာန် နဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ သက်ဆိုင်ရာက စုံစမ်းလျှက်ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News