April 30, 2024

၂၂. ၃. ၂၀၂၄
Written by Ye Kyaw

မြဝတီနယ်စပ်တောလမ်းပိုင်းတွင် ကားအစီးရေ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရ၍ ပုံမှန်အခြေအနေထက် တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် လာမည့်မတ်လ ၂၅ ရက်မှ သင်္ကြန်ကာလပြီးသည်အထိ ပိတ်ထားမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိုမိုကြန့်ကြာမှုနှင့် ကုန်ပစ္စည်းပြတ်တောက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း မြဝတီနယ်စပ်ကုန်သည်များထံမှ သိရသည်။

“သတင်းကတော့ ထွက်တယ်။ ပြောဖို့တော့ ခက်တာပေါ့။ ဒါပေမဲ့ တောလမ်းကလည်း တစ်လမ်းတည်း မဟုတ်ဘူး။ အခြားလမ်းတွေလည်း ရှိပါတယ်။ ကုန်ပစ္စည်းတွေကို အရင်ထက် ပိုသွင်းတာတွေ၊ ပို့တာတွေတော့ရှိတယ်။ ဒါပေမဲ့လည်း ဒီမှာကြ ကားတို့ဘာတို့ကလည်း အကန့်အသတ်ရှိတော့ ပုံမှန်အခြေအနေထက် ထင်သလောက်တော့ မရပါဘူး။ လိုချင်တယ်ဆိုရင်တောင် ပိုလုပ်လို့မရတဲ့ အနေအထားမှာရှိတယ်” ဟု မြဝတီနယ်စပ်ရှိ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

မြဝတီနယ်စပ်တွင် ပုံမှန်လမ်းအကြောင်းအခြေအနေ၌ပင် ယခုလိုသင်္ကြန်ကာလနီးချိန်တွင် ကုန်ပစ္စည်းများ ကြန့်ကြာခြင်း၊ ပြတ်တောက်ခြင်းများနှင့် သယ်ယူစရိတ်မြင့်တက်သည့် အလေ့အထရှိသော အခြေအနေဖြစ်သည်။ လက်ရှိအခြေအနေတွင်မှု ကားခများမြင့်တက်မှုမရှိသေးဘဲ ပုံမှန်အတိုင်းရှိသေးသော်လည်း ထွက်ပေါ်နေသည့် သတင်းများ အမှန်ဖြစ်ပါက ကားခများလည်း ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း သိရသည်။

“ပုံမှန်ဆိုရင် သင်္ကြန်ပိတ်ရက်နဲ့ဆိုရင်တော့ ပစ္စည်းကတော့ အဝင်တော့ကျဲတာတော့ရှိတာပေါ့။ အခုလည်း လမ်းခရီးကြန့်ကြာတာရော၊ ဘာရောပေါင်းပြီးတော့ ကုန်ပစ္စည်းက အခုနောက်တော့ ကြန့်ကြာတာကတော့ ဖြစ်နေကြတာပါပဲ။ အခုလိုသတင်းကြောင့် စိုးရိမ်စိတ်ပိုများသွားတာတော့ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေး မြ၀တီ-ကော့ကရိတ် (အာရှလမ်းမကြီး) ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်မှု ဖြစ်ခဲ့ပွားခဲ့ပြီး မဖြစ်မနေ ဖြတ်သန်းသွားရမည်ဆိုပါက KNLA နှင့် KNU မှ တာဝန်ရှိသူများထံ အကြောင်းကြားပြီးမှသာ ဖြတ်သန်းသွားလာရန် သတိပေးထုတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ထို့ကော်ကိုးလမ်းပိုင်း (တောလမ်း)မှ သွားလာနေရသဖြင့် ကုန်ကားကြီးများ သွားလာ၍မရဘဲ ကုန်စည်အနည်းငယ်သာ တင်ဆောင်နိုင်သည့် ခြောက်ဘီးကားနှင့် ခရီးသည်ယာဉ်များသာ အဓိက သွားနိုင်ခြင်းဖြစ်သည့်အတွက် မြဝတီနယ်စပ်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက် လျော့ကျခဲ့ခြင်းကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *