၂၁. ၃. ၂၀၂၄
Written by Nay Moe

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံကြားမှာ တိုက်ပွဲပြင်းထန်နေပြီး မနေ့ကဆိုရင် အဲဒီ စစ်မြေပြင်မှာ ဝံပုလွေစစ်ကြောင်း တပ်စုမှူးငဒူနဲ့ KNDF ဒရုန်းတပ်ဖွဲ့ဝင်စိုင်းစံပွားအပါအဝင် ကယား PDF ဆယ်ချီသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝံပုလွေစစ်ကြောင်း(Karenni Wolf of Column)က တပ်စုမှူးငဒူနဲ့ ကယား PDF အောင်အောင် မနေ့ကတိုက်ပွဲမှာ လက်နက်ကြီးကျည်ထိ သေဆုံးသွားသလို KNDF UAV(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မောင်းသူမဲ့လေယာဥ်တပ်ဖွဲ့) က ဒရုန်းတပ်ဖွဲ့ဝင် စိုင်းစံပွားလည်း ကျည်ထိ သေဆုံးသွားတာဖြစ်ပြီး တစ်ရက်အတွင်း သုံးယောက်သေခဲ့ကြတာပါ။

KNDF UAV တပ်ဖွဲ့ဝင် စိုင်းစံပွားက ပင်လောင်းမြို့နယ် ဆောင်းပြောင်းစခန်းသိမ်းတိုက်ပွဲမှာ ကျည်ထိသေဆုံးခဲ့တာဖြစ်သလို ဒီနေ့မှာတော့ ဝံပုလွေစစ်ကြောင်းက တပ်စုမှူးငဒူ (ခ)ဗိုလ်ဒူနဲ့ အောင်အောင်တို့ အသုဘ ကျင်းပနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က တိုက်ပွဲတွေအတွင်းမှာ ဒီးမောဆိုး PDF အဖွဲ့ကလည်း ၁၀ ဦးကျော် သေခဲ့ပြီး Arkker Mg Lay အမည်နဲ့ Facebook သုံးစွဲတဲ့ ဒီးမော့ဆို PDF တပ်ရင်း (၃) တပ်ခွဲ (၃) က ကယား PDF ကလည်း “အောင်မြင်မှုတွေရဲ့ နောက်ကွယ်ပေါ့”ခေါင်းစဥ်နဲ့ ကယား PDF ဆယ်လောင်းရဲ့ပုံကိုတင်ထားပြီး ပုံအများစုက ဦးခေါင်းကိုလက်နက်ကြီးကျည်ထိမှန်သေဆုံးနေတာပါ။

ဒီရက်ပိုင်းဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတစ်ဝိုက်၊ နမ့်ဖာမူကျေးရွာတစ်ဝိုက်၊ တောင်စလုံကျေးရွာတစ်ဝိုက်၊ တောင်ပို့ကွဲကျေးရွာအနီးတစ်ဝိုက်နဲ့ တောင်မဲသင်းကျေးရွာနဲ့ ပတ်ပတ်လည်ရွာနီးချုပ်စပ်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ KNDF/PDF အကျအဆုံးများနေပြီး ဒေသတွင်းသတင်းတွေအရ သေဆုံးမှုရာဂဏန်းလောက်ရှိတယ် သတင်းထွက်ခဲ့သလို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်၊ ၁၈ ရက်ကလည်း ကယားလက်နက်ကိုင် ၁၀ ဦးကို အမျိုးသမီး၊ အမျိုးသား တစ်ဖက်ငါးဦးစီခွဲပြီး မြေမြှုပ်နေတဲ့ရုပ်သံဖိုင်လည်း ထွက်ခဲ့သေးတာပါ။

ပုံစာ။ မနေ့က သေဆုံးခဲ့သော ကယားလက်နက်ကိုင်များမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *