၁၅. ၃. ၂၀၂၄
Written by Ye Kyaw

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် အခွန် ၇၀ ရာခိုင်နှုန်းကျော် သက်သာခွင့် ရရှိနေပြီဖြစ်သော်လည်း မြဝတီနယ်စပ်လမ်းကြောင်း ပိတ်နေ၍ ပြောင်းစိုက်တောင်သူများ ထိုင်းသို့ ပြောင်းတင်ပို့ရာတွင် အပြည့်အဝ အကျိုးအမြတ်ခံစားခွင့် မရရှိသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“ရောက်အောင်ပို့နိုင်ရင် သူကခံစားခွင့်ရှိမယ်လေ။ လမ်းမှာ သယ်တာ၊ ပြုတာတွေက သူဟာနဲ့သူ ပြသနာတစ်မျိုး၊ လမ်းမှာလုံခြုံရေးအရ မသယ်နိုင်ဘူးဆိုရင် တစ်မျိုးပေါ့။ သူကတော့ သူ့ဆီရောက်လို့ရှိရင် သူ့စည်းကမ်းအတိုင်း ခံစားနိုင်တာပေါ့။ ဒါက ဖေဖော်ဝါရီကနေ ဩဂုတ်လကုန်အထိ ခံစားခွင့်ရှိတယ်။ ဒါက နှစ်တိုင်း သူကကြေညာထားတဲ့ဟာ‌ပေါ့။ အဲဒီနောက်လည်း ပို့လို့မရဘူးမဟုတ်ဘူး ရတယ်။ ဒါပေမဲ့ အဲဒီခံစားခွင့် မရှိတော့ဘူးပေါ့။ အခွန် ၇၃ ရာခိုင်နှုန်း အခွန်ကောက်မယ်ပေါ့။ အခုအချိန်ဆို အခွန် ၇၃ ရာခိုင်နှုန်းလောက် သက်သာတာပေါ့” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောသည်။

ယခုနှစ်တွင် ပြောင်းစိုက်တောင်သူများအနေဖြင့် ကုန်ကျစရိတ် များပြားခြင်း၊ ဈေးကွက်ပြောင်းလဲမှု မြန်ဆန်နေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြောင်းတင်ပို့ရာတွင် အကျိုးအမြတ်နည်းပြီး အဆင်မပြေမှုများရှိနေကြောင်း သိရသည်။

“တောင်သူတွေက ဒီနှစ်ကတော့ စရိတ်ကုန်ကျစရိတ်တွေများနေပြီးတော့ မကိုက်ဘူးဆိုတာမျိုးလို ညည်းညူသံတွေ များတာပေါ့။ ဒါတွေကတော့ ဈေးကွက်အခြေအနေက အမျိုးမျိုးပြောင်းတာတွေ ရှိနေတာ့၊ ဈေးကွက်အခြေအနေကိုလည်း ကြည့်ရမယ်။ တစ်ဖက်က ကိုယ့်ရဲ့ထုတ်ကုန်ကို ကောင်းအောင်ပေါ့ အစိုဓာတ်၊ မှိုအဆိပ်မတက်အောင်လို့ အဓိက အရည်အသွေးကောင်းအောင်ပေါ့။ ကိုယ်ကထိန်းသိမ်းပြီးတော့လုပ်ရင် အကျိုးရှိမှာပါ။ ဈေးကွက်ကတော့ အမြဲပြောင်းနေမှာပဲလေ” ဟု ဦးစိုးဝင်းမောင်က ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် ပြောင်းတင်သွင်းမှုအပေါ် အခွန်ရာခိုင်နှုန်း ၇၀ ကျော်အထိ ကောက်ခံခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ တင်ပို့သည့်ပြောင်းများကိုမူ နှစ်စဉ် ဖေဖော်ဝါရီမှ ဩဂုတ်လအထိကို ၎င်းတို့ကောက်ခံနေသည့် အခွန်နှုန်းထားများကို သက်သာခွင့်ပေးထားခြင်းကြောင့် ယင်းကာလအတွင်း မြန်မာပြောင်းစိုက်တောင်သူများက အားစိုက်ကာတင်ပို့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်မှပြောင်းတင်ပို့မှုကို ယခင်က တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်သော်လည်း လက်ရှိတွင် သတ်မှတ်ချက်စံနှုန်းများ များပြားလာခြင်းနှင့် အခွန်သက်သာခွင့် မရှိခြင်းတို့ကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများအနီးရှိ ဒေသများက ထွက်ရှိသည့် ပြောင်းများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အခွန်သက်သာခွင့် ရရှိပြီးနောက်တွင် နယ်စပ်မှ ပြောင်းတင်ပို့မှုသည် မြန်မာ-ထိုင်းနယ်စပ် မြဝတီလမ်းကြောင်းမှ အများဆုံး တင်ပို့လာကြခြင်းဖြစ်သော်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှစ၍ မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ပြောင်းတင်ပို့မှုအပြင် အခြားသော ပို့ကုန်၊ သွင်းကုန်လုပ်ငန်များလည်း ရပ်တန့်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြဝတီနယ်စပ်သို့ လူစီးကားများသာ သွားရောက်နိုင်သည့် ထို့ကော်ကိုးလမ်းပိုင်း (တောလမ်း)ကို အသုံးပြုနေရခြင်းကြောင့် မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် အခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ထိုင်းနိုင်ငံ၏ အခွန်သက်သာခွင့်ရရှိမည့် ဖေဖော်ဝါရီလမှစ၍ မြဝတီ-ကော့ရိတ် အာရှလမ်းမကြီးကို ပြောင်းတင်ပို့သူများက ပြန်လည်ဖွင့်လှစ်စေလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ နှစ်စဉ်ပြောင်းတန်ချိန် ၂ သန်းနီးပါးတင်ပို့လျက်ရှိပြီး နယ်စပ်မှ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့နေကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် အာဆီယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အခြားသောနိုင်ငံများသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ၉၆၀,၄၆၄ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၈၅ သန်း ရရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *