၁၅. ၃. ၂၀၂၄

Translated by Htwe Ko Tun

မြေထဲပင်လယ်ကိုဖြတ်ကာ ဥရောပတိုက်သို့ဝင်ရောက်ရန်အတွက် ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်ကာ လစ်ဗျားနိုင်ငံမှ စတင်ထွက်ခွာလာသော ရော်ဘာလှေတစ်စီးမှာ ၎င်း၏လောင်စာဆီများ ကုန်ခန်းပြီးနောက် ပင်လယ်အတွင်း ဘေးဒုက္ခရောက်ခဲ့ရာတွင် အနည်းဆုံး လူ ၆၀ ဦးသေဆုံးခဲ့ရကြောင်း အကူအညီပေးရေး အုပ်စုတစ်ခုက မတ်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အသက်ရှင်ကယ်ဆယ်နိုင်သူများ၏ ပြောကြားချက်များအရ သေဆုံးသူ ၆၀ ဦးတွင် အမျိုးသမီးများနှင့် အနည်းဆုံး ကလေးတစ်ဦးပါကြောင်းလည်း သိရသည်။အဆိုပါ အကူအညီပေးရေးအုပ်စု၏ ကယ်ဆယ်ရေးသင်္ဘောဖြစ်သော Ocean Viking က အခြားသောစက်လှေများမှ ကယ်ဆယ်ရရှိသူများအပါအဝင် စုစုပေါင်း ၂၂၄ ဦးကို စက်လှေများမှ ကယ်တင်သယ်ဆောင်နိုင်ခဲ့ကြောင်းလည်း သတင်းကဆိုသည်။

ထိုစက်လှေက မတ်လ ၈ ရက်တွင် လစ်ဗျားနိုင်ငံ၊ ဇာဝီယာမြို့မှ စတင်ထွက်ခွာလာခဲ့ကာ သုံးရက်အကြာတွင် စက်လှေ၏ လောင်စာဆီကုန်ခမ်းကာ စက်လှေမော်တာမှာ ပင်လယ်ထဲတွင် မလည်နိုင်တော့ဘဲ ရပ်တန့်သွားခဲ့ရသည်။ ပါလာသော ခရီးသည်များမှာလည်း အစားအသောက်နှင့် သောက်သုံးရေပြတ်လပ်ကာ ရက်အတန်ကြာ ပင်လယ်ထဲတွင် မျောပါနေခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏အဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအဖွဲ့အစည်း (IOM) က ပင်လယ်ထဲတွင် စက်လှေဆီကုန်၍ မျောပါနေသည်ကို သတင်းရရှိခဲ့ပြီးနောက် Ocean Viking သင်္ဘောကကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။ Ocean Viking က မတ်လ ၁၃ ရက် ညတွင် ၁၁၃ ဦးကို စက်လှေပေါ်၌တွေ့ရှိကယ်ဆယ်ခဲ့ပြီး မတ်လ ၁၄ ရက်တွင် ၈၈ ဦးကို ထပ်မံကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ဖြစ်ပွားသောနေရာမှာ အီတလီနိုင်ငံ၏ အရှေ့ဘက်ကမ်းခြေမြို့ အန်ကိုနာ၏ တောင်ဘက် ၁၄၅၀ ကီလိုမီတာအကွာတွင်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပတိုက်သို့ဝင်ရောက်ရန်ကြိုးစားကြသူ ရွှေ့ပြောင်း နေထိုင်သူ ၃,၁၀၅ ဦးမှာ ပင်လယ်ထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင်လည်း ယခုအထိ ရွှေ့ပြောင်းနေထိုင်သူ ၂၇၈ ဦးက မြေထဲပင်လယ်ကို လူအဆမတန်တင်ထားသော စက်လှေများဖြင့်ဖြတ်သန်းစဉ် သေဆုံးခဲ့ကြသည်။

Ref- AFP

Leave a Reply

Your email address will not be published. Required fields are marked *