April 30, 2024

၁၅. ၃. ၂၀၂၄
Written by Thettant

ချန်ပီယံဟောင်း ထွန်းထွန်းမင်းဟာ ခမာမြေမှာ ပရွမ်ဆန်နန်းကို နှစ်ကြိမ်ရှုံး၊ ရာမန်ဟာလည်း ပရွမ်ဆန်နန်းကို အလဲထိုးနဲ့ရုပ်ပျက်ဆင်းပျက်ရှုံး၊ အဲမွီကလည်း ရှုံးမို့လို့ ခမာလက်ဝှေ့သမားတွေကို မြန်မာ့လက်ဝှေ့ကျော်တွေမနိုင်တာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။

ဒီနေရာမှာ ကျော်စွာဝင်းက ခမာမြေမှာနိုင်ခဲ့တယ်ဆိုပေမဲ့လည်း ကျော်စွာဝင်းထိုးသတ်ရတာက ခမာဖိုက်တာမဟုတ်ဘဲ ထိုင်းဖိုက်တာဖြစ်နေတာကြောင့် ခမာမြေမှာ ခမာဖိုက်တာကို အလဲထိုးနိုင်မဲ့ မြန်မာလက်ဝှေ့ကျော်ထွက်ပေါ်ဖို့လိုအပ်နေတာကလည်း အမှန်ပါ။

မြန်မာ့ရိုးရာကျားတွေ ကိုယ့်ပြည်မှာကြက်ဖဖြစ်နေပေမဲ့ ခမာမြေမှာ ကြက်မဖြစ်နေတာမို့ ရိုးရာကျားတွေ ရိုးရာကျားပီသဖို့ လိုအပ်နေချိန် လာမဲ့မတ်လ ၁၇ ရက်မှာ သွေးသစ်မောင်နဲ့ ဖားဆိုဖွမ်းတို့ လက်အိတ်အပါးနဲ့ ၃ မိနစ် ၃ ချီ ပြိုင်ပွဲကို ခမာမြေမှာယှဥ်ပြိုင်ကြဦးမှာပါ။

မူလကတော့ ဒီပွဲကို ၉ မိနစ်တစ်ချီ အလဲထိုးစနစ်နဲ့ထိုးသတ်ဖို့စီစဥ်ထားပြီး အနိုင်အရှုံးမပေါ်ရင် သရေလို့ ပွဲတည်ခဲ့ပေမဲ့ လက်ရှိကတော့ သုံးမိနစ်သုံးချီ၊ လက်အိတ်အပါးဖြစ်သွားလို့ ခမာမြေမှာ အလဲမထိုးနိုင်ရင်တော့ ထုံးစံအတိုင်း သွေးသစ်မောင်ရှုံးမှာပါပဲ။

သွေးသစ်မောင်က အသက် ၂၄ နှစ်လောက်မှာ ထိုးသတ်ပွဲ ၅၀ လောက်ထိုးထားပြီး ရှုံးပွဲကလည်း ငါးပွဲခြောက်ပွဲလောက်ပဲရှိသလို အမှတ်ပေးပွဲတွေမှာလည်း အမှတ်ယူတတ်တဲ့ကျားပါးလို့ နာမည်ကျော်သူပါ။

သူနဲ့ ထိုးသတ်ရမဲ့ ဖားဆိုဖွန်းကတော့ ခမာလက်ဝှေ့ကျော်ကစ်ဘောက်ဆင်ဖိုက်တာဖြစ်ပြီး အသက် ၃၀ အရွယ်မှာ ၁၇၇ ပွဲထိုးသတ်ထားပြီး ၁၄၆ ပွဲအနိုင်ရထားသလို ရှုံးပွဲ ၂၈ ပွဲရှိပေမဲ့ ပွဲ ၆၀ အလဲထိုးအနိုင်ရထားသူပါ။ ခမာချန်ပီယံခါးပတ်တွေကိုလည်း ၄ ကြိမ်ထက်မနည်းရယူထားတဲ့ ခမာနာမည်ကျော်ဖိုက်တာဖြစ်ပြီး ပရွမ်ဆန်နန်းထက် အောင်မြင်မှုမနိမ့်သူဖြစ်လို့ သွေးသစ်မောင်အတွက်မလွယ်တဲ့ဖိုက်တာဖြစ်တဲ့အပြင် မြန်မာဖိုက်တာနာမည်ကျော် အဲမွီ၊ စောမင်းမင်းတို့ကိုလည်း နိုင်ထားပြန်ပါသေးတယ်။

သွေးသစ်မောင်ဟာ ကျားပါးလို့ နာမည်ကျော်ပေမဲ့ သက်လုံတော့အားနည်းသူလို့ နာမည်ထွက်ပြန်ပါသေးတယ်။ ဘာပဲပြောပြော မြန်မာနိုင်ငံသားမဟုတ်တဲ့ Dave က လွဲရင် ​ခမာမြေမှာ မြန်မာ့ရိုးရာကျားတွေ အရှက်ကွဲပြီးရင်း ကွဲနေတဲ့ အဖြစ်က လွန်မြောက်ဖို့အတွက်​တော့ ရိုးရာလက်ဝှေ့ပရိသတ်ကိုချစ်မြတ်နိုးကြသူအားလုံးက သွေးသစ်မောင်နိုင်ပါစေ ဆုတောင်းရင်း စောင့်မျှော်အားပေးနေကြရမှာပါပဲ။

“သွေးသစ်မောင် အလဲထိုးနဲ့ နိုင်ပါစေ”

Leave a Reply

Your email address will not be published. Required fields are marked *