လျာထားချက်ပြည့်မီရန် ဆောင်ရွက်နေ၍ ဖေဖော်ဝါရီတစ်လအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလျံခွဲအထိ တိုးတက်မှုရှိ

၈. ၃. ၂၀၂၄
Written by Ye Kyaw

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မတ်လ ၁ ရက်အထိ ၁၁ လတွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဒသမ ၇၅၈ ဘီလျံသာရရှိထား၍ ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လသာကျန်ရှိချိန်အထိ ကုန်သွယ်မှု လျာထားချက် ပြည့်မီရန် ဒေါ်လာ ၄ ဒသမ ၇၄၁ ဘီလျံ လိုအပ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၆ ဘီလျံ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံရရှိရန် လျာထားခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လကျော်သာ ကျန်ရှိသည့် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ခန့်အထိ ကုန်သွယ်မှုလျာထားချက် ပြည့်မီစေရန် ဒေါ်လာ ၈ ဘီလျံကျော်အထိ လိုအပ်နေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ကျန်ဘဏ္ဍာနှစ် ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်း လျာထားချက်ပြည့်မီစေရေး အားထုတ်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဇန်နဝါရီလကုန်တွင် တိုက်တွန်းခဲ့သည့်အတွက် ရက်ပေါင်း ၂၈ ရက်သာရှိခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလျံခွဲအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် နောက်ဆုံးလဖြစ်သည့် ရက်ပေါင်း ၃၁ ရက်ရှိသည့် မတ်လအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဘီလျံခွဲကျော် ဆောင်ရွက်နိုင်မှသာ ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၃၂ ဘီလျံခွဲအား ပြည့်မီနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုစလုံးဖြင့် ဆောင်ရွက်နေပြီး ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျာထားချက် ဒေါ်လာ ၂၉ ဘီလျံခွဲကို ကျော်လွန်၍ ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ဆောင်ရွက်နိုင်ခဲ့၍ ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၃၂ ဘီလျံခွဲအထိ တိုးမြှင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်း စတင်ဖြစ်ပွားခဲ့သည့် ရှမ်းမြောက်ဒေသ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်များဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေးများ လုံးဝရပ်တန့်မှုများနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှုများလည်း ကျဆင်းခဲ့၍ ပို့ကုန်တင်ပို့မှုမှာလည်း ပြီးခဲ့သည့် ဇန်ဝါရီလကုန်အထိ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဘီလျံခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဖေဖော်ဝါရီလအတွင်း ပို့ကုန်များ တင်ပို့နိုင်ရေး အားထုတ်ဆောင်ရွက်ခဲ့သဖြင့် လက်ရှိတွင် ကွာဟချက် ဒေါ်လာသန်း ၇၀၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။

ထို့အတူ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ယခင်က တန်ချိန်သောင်းဂဏန်းသာ တင်ပို့မှုမှ ဒေါ်လာသန်း ၃၀ မှ သန်း ၆၀ ဝန်းကျင်သာရှိခဲ့သော်လည်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် တန်ချိန် နှစ်သိန်းကျော်စီ တင်ပို့နိုင်ခဲ့သည့်အတွက် တစ်လလျှင် ဒေါ်လာသန်း ၁၄၀ ဝန်းကျင်အထိ တိုးတက်ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းတို့ကို အဓိကတင်သွင်းနေပြီး ပြည်ပသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောတို့ကို အဓိက တင်ပို့နေကြောင်း စီပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News