၈.၃.၂၀၂၄
Written by Hey Mar

အိမ်စီးယာဉ်ငယ်တစ်စီးနဲ့ YBS 139 မီနီဘတ်စ်ယာဉ်တို့ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းမှာ ရှောင်တိမ်းရာက ပွတ်တိုက်မိပြီး YBS ယာဉ်တိမ်းမှောက်မီးလောင်ကာ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မတ်လ ၈ ရက်နေ့ မွန်းတည့်ချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်မီးလောင်မှုကို ဒေါပုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးနဲ့ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မြေပြင်အကူအညီအနေနဲ့ သွားရောက်ခဲ့တဲ့ ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “YBS နဲ့ တိုက်မိတဲ့ ကားသေးက ဘယ်ဘက်ခြမ်းရှေ့နား နည်းနည်းပဲ ထိတယ်။ သူ့ကိုလည်း ဆီဆိုင်အကျော်မှာ ပြန်မိတယ်ခင်ဗျ။ YBS ကားက တုံးလုံးလဲပြီး ပွတ်တိုက်ပါသွားတဲ့ အရှိန်နဲ့ မီးပွင့်ပြီးလောင်တာမို့ ကားပေါ်ကအသက်ကြီးပိုင်း အမျိုးသားတစ်ဦးကတော့ ထိခိုက်ဒဏ်ရာပြင်းတယ်။ ကျန်တဲ့ လူတွေကတော့ လက်တွေ‌ ခြေထောက်တွေလောင်တာမျိုးလောက်ပါ “လို့ MT News ကိုပြောပါတယ်။

ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာ ရရှိသူတွေက အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး ၊ အသက် ၆၀ အရွယ် အမျိုးသမီးကြီးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတွေလို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို ရှင်သန်ရေးလူမှုကူညီရေးအသင်းသူနာတင်ယာဉ်နဲ့ပဲ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနဆီ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *