၃. ၃. ၂၀၂၄
Written by Pan Ei

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF- International Monetary Fund)ရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ အရှေ့တောင်အာရှဒေသအတွင်း ငွေကြေး ဖောင်းပွမှု အမြင့်ဆုံးဖြစ်ပြီး ငွေကြေးဖောင်းပွမှု ၇ ဒသမ၂ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေအနက် ၂၀၂၄ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုအနည်းဆုံးနိုင်ငံက ဘရုနိုင်းနိုင်ငံဖြစ်ကာ ငွေကြေးဖောင်းပွမှု ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိသလို ဒုတိယငွေကြေးဖောင်းပွမှု အနည်းဆုံး နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်ပြီး ငွေကြေးဖောင်းပွမှု ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပြီးရင် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ငွေကြေးဖောင်းပွမှု ခန့်မှန်းချက် ၃ ဒသမ ၄ ရာခိုင်နှုန်းစီနဲ့ ဒုတိယနေရာမှာ ရှိနေကြတာပါ။

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ အာဆီယံဒေသတွင်းနိုင်ငံတွေကြား ပထမအဆင့်နေရာမှာရှိနေပေမဲ့ ရာခိုင်နှုန်းအနေနဲ့ဆို မနှစ်ကထက် ကျဆင်းလာခဲ့တာဖြစ်ပြီး မနှစ်က ရာခိုင်နှုန်းက ၁၄ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ IMF က ခန့်မှန်းဖော်ပြခဲ့တာပါ။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ကျဆင်းလာခဲ့ပြီး ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၁၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကာ တစ်နှစ်ပြီး တစ်နှစ် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းတွေက ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့၂၀၂၂ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ဆယ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းတွေထဲမှာလည်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

Ref; seasia.stats, IMF

Leave a Reply

Your email address will not be published. Required fields are marked *

Related News