၃. ၃. ၂၀၂၄
Written by Thettant

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကို PDF များက အုပ်ချုပ်ရေးမှူးနေအိမ်အတွင်းထိ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သဖြင့် အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ၂ရက် နေ့လယ်ပိုင်းက ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးသည် နေအိမ်၌ ရှိနေစဥ် PDF များ ဆိုင်ကယ်ဖြင့်ဝင်ရောက်လာပြီး “ဒလန်အုပ်ကြီးခင်မောင်စိုး”ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်၍ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ​ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးခင်မောင်စိုးမှာ ကျည်ထိမှန်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့သလို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက် နံနက် နံနက် ၁၀ နာရီခွဲကလည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာ ရာအိမ်မှူးများဖြစ်ကြသည့် ဦးမောင်မောင်(၅၉)နှစ်နှင့် ဦးအောင်ဆန်းဦး (၅၄)နှစ်တို့သည် ကျည်တောက်ပေါက်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ရှိနေစဉ် PDF အမည်ခံ လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်မောင်နှင့် ဦးအောင်ဆန်းဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

လက်ရှိပစ်ခတ်မှုကို မည်သည့် PDF အဖွဲ့ကလုပ်ဆောင်သည်ဟု ဝန်ခံမထားသော်လည်း SAC လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ် (ပျူစောထီး)များ အလင်းမဝင်ပါက ဆက်လက်သတ်ဖြတ်သွားမည်ဟု စဥ့်ကူးမြို့နယ် ပကဖက သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *