၂၇. ၂. ၂၀၂၄
Written by Ye Kyaw

မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီကြီးများ ထွက်သွားခြင်းက Political Issue အရသာဖြစ်ပြီး ဥရောပဈေးကွက် ကုန်စည်ပြပွဲများသို့ ထိုးဖောက်၍ အခြေအနေအမှန်များကို တိုက်ရိုက်ပြောခွင့်ရရှိခဲ့သဖြင့် အခြားသော Brand ကုမ္ပဏီအသေးများ၏ စိတ်ဝင်စားမှုနှင့် အော်ဒါမှာယူမှုများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်သည့် Messe Frankfurt ၏ ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲများ မိတ်ဆက်ပွဲနှင့် Networking Dinner ပွဲတွင် ပြောသည်။

“Brand အကြီးကြီးတွေ ထွက်တာမှန်ပါတယ်။ Brand အကြီးကြီးတွေ ထွက်ရတာကလည်း Political Issue အပေါ်မူတည်ပြီး ထွက်ကြခြင်းဖြစ်ပါတယ်။ သို့သော် ဒီ Brand အကြီးကြီးတွေ ထွက်တဲ့အတွက်ကြောင့် ဘာဖြစ်ကျန်ခဲ့သလဲဆိုတဲ့ ပြောခွင့် အခွင့်အရေးကိုလည်း ရခဲ့ပါတယ်။ ဒါကြောင့်မို့ Brand တွေကို ကိုယ်ဘက်ကနေပြီး Indirectly မီဒီယာကို မခံဘဲနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် အခြား Brand တွေ သိရှိတဲ့သူတွေနဲ့ မူတည်ပြီး မြန်မာဟာ ဘာနဲ့လုပ်နေလဲ။ Reality ဘာရှိနေလဲ၊ Brand တွေ ထွက်သွားတဲ့အတွက် ဘယ်လို Straggle လုပ်နေရသလဲဆိုတဲ့ အချက်တွေကို ကိုယ်မှာပြောခွင့်ရှိခဲ့တယ်။ ဒါကြောင့် Brand တွေ ထွက်သွားပေမဲ့ Brand အသေးလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ ကိုယ့်ဆီမှာ အလုပ်အပ်ဖို့ ရရှိခဲ့ပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။

လက်ရှိတွင် မြန်မာ့အထည်ချုပ်လုပ်ငန်းများကို ဥရောပဈေးကွက်၌ အီတလီနှင့် စပိန်နိုင်ငံတို့ စိတ်ဝင်စားမှု အဓိကမြင့်တက်နေပြီး ဗြိတိန် (UK)နှင့် ဂျာမနီနိုင်ငံတို့မှလည်း အထိုက်အလျောက် စိတ်ဝင်စားမှု မြင့်တက်မှုရှိကြောင်း သိရသည်။

“ဈေးကွက်အနေနဲ့ဆိုရင် စိတ်ဝင်စားမှုအားလုံးက အီတလီတို့၊ စပိန်တို့က အရမ်းမြင့်တက်ပါတယ်။ နောက် UK ဘက်ကလည်း၊ ဂျာမနီဘက်တို့က သူတို့က အထိုက်အလျောက် စိတ်ဝင်စားမှုရှိပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းတွင် အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ခု ရပ်နားသွားခဲ့ရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောဆိုထားပြီး ရပ်နားသွားသော အထည်ချုပ်စက်ရုံအရေအတွက်က အထည်ချုပ်စက်ရုံအားလုံး၏ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံရှိအထည်ချုပ်စက်ရုံ ၅၂ ရုံ ရပ်တန့်သွားခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရပ်တန့်သွားသော အထည်ချုပ်စက်ရုံအရေအတွက်က ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိစာရင်းအရ ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက်သည် အထည်ချုပ်စက်ရုံအားလုံး၏ ၃၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိတွင် ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

ကုန်ကျစရိတ်မြင့်တက်လာခြင်းနှင့် အလုပ်သမားများရှာရန်အခက်အခဲများရှိလာခြင်းကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည်အခက်အခဲများကို စတင်ရင်ဆိုင်နေရကြောင်း ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနကလည်း ဖော်ပြထားသည်။ အထည်ချုပ်အလုပ်သမားများသည် ပိုမိုကောင်းမွန်သောလစာနှုန်းများရရှိရန် ပြည်ပထွက်ခြင်း သို့မဟုတ် အခြားစက်ရုံများသို့ ပြောင်းရွှေ့ခြင်းများလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် အထည်ချုပ်တင်ပို့မှုသည် အများဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် ၉ လခွဲအတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၃၈၀ ဘီလျံအထိ ရရှိထားပြီး ပို့ကုန်အများဆုံးတင်ပို့ထားသည့် နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ စပိန်၊ တောင်ကိုရီးယား၊ အီတလီတို့က အစဉ်လိုက် ရပ်တည်နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *