◼️ထိုင်းနိုင်ငံအတွင်း စုစုပေါင်းမြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိနိုင်

၂၀. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍ အလုပ်သမားများအဖွဲ့အစည်း(EconThai) က အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း နှစ်နှင့်ချီသော ပြည်တွင်းပဋိပက္ခဖြစ်ပွားမှု၏သက်ရောက်မှုအဖြစ် မြန်မာနိုင်ငံမှ ပြည်သူများစွာမှာ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်အကိုင်ရှာဖွေရန်ဝင်ရောက်လာကြလိမ့်ဦးမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း တပ်မတော်က နိုင်ငံသားများအနက် ဥပဒေအရအကျုံးဝင်သူများ စစ်မှုထမ်းရန် ဥပဒေကို ကြေညာခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံသားအချို့က ထိုင်းနိုင်ငံဘက်သို့ဝင်ရောက်လာရာတွင် အများအပြားမှာ ဥပဒေနှင့်မညီ အလုပ်လုပ်ကိုင်နိုင်ကြရန်ဖြစ်ကြောင်း တွေ့ရှိရသည်။

ထိုအခြေအနေက ထိုင်းနိုင်ငံ၏ အလုပ်သမားဈေးကွက်ကိုလည်း သက်ရောက်မှုရှိစေခဲ့သည်။ ထို့ကြောင့် ထိုင်းအစိုးရအနေနှင့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်မှုအခြေအနေနှင့် အလုပ်လျှောက်ထားမှုများကဲ့သို့ အလုပ်ခွင်နှင့် ဆက်စပ်အကြောင်းအရာများကို ပို၍ အလေးထားဂရုပြုရန်လိုအပ်နေကြောင်း EconThai ဒုတိယဥက္ကဋ္ဌ တာနစ် ဆိုရတ်က ပြောခဲ့သည်။

ထိုင်းနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများမှ ပြည်သူများမှာ ထိုင်းအစိုးရနှင့်သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများ နှစ်နိုင်ငံနားလည်မှု သဘောတူညီချက်စာချွန်လွှာ ချုပ်ဆိုထားမှုများအရ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ကြသည်။ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသားများက လုပ်ကိုင်လိုခြင်း မရှိကြသော အောက်ခြေပိုင်းအလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ကြရန်အတွက်လည်း ထိုင်းနိုင်ငံက မှီခို အားထားကြသည်။ ထိုအလုပ်များကို ထိုင်းနိုင်ငံတွင် Dirty-ညစ်ပတ်သော၊ Difficult-ခက်ခဲသောနှင့် Dangerous-အန္တရာယ်ရှိသော 3D အလုပ်များအဖြစ် ခေါ်ဆိုသတ်မှတ်ကြသည်။

မစ္စတာတာနစ်က စက်မှုလုပ်ငန်းများနှင့်စိုက်ပျိုးရေးကဏ္ဍတို့တွင် ရွှေ့ပြောင်းအလုပ်သမားများစွာ လိုအပ်နေကြောင်းပြောခဲ့သည်။ EconThai ၏စာရင်းဇယားများအရ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများက ယခုအခါ အစားအစာပြုပြင်ထုတ်လုပ်မှု၊ အီလက်ထရောနစ်၊ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်မှု၊ တာယာထုတ်လုပ်မှု၊ အထည်ချုပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ကြံစိုက်ပျိုးခြင်း၊ ရော်ဘာစိုက်ပျိုးခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် လုပ်ကိုင်လျက်ရှိကြသည်။

အများစုက ဘန်ကောက်မြို့(သို့မဟုတ်) ဆာမွတ်ဆာခွန်ပြည်နယ်၊ ပသွမ်သာနီပြည်နယ်၊ နာခွန် ပါသွမ် ပြည်နယ်တို့တွင် လုပ်ကိုင်နေကြကြောင်းလည်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၃ သန်းခန့်ရှိရာ ထိုင်းနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနက် အများဆုံးလည်း ဖြစ်သည်။

သို့သော် ထိုအရေအတွက်မှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ ဥပဒေနှင့်အညီလာရောက်လုပ်ကိုင်နေသူများဖြစ်ပြီးတရားမဝင်လာရောက်လုပ်ကိုင်နေသူများနှင့်ပါဆိုလျှင် ထိုင်းနိုင်ငံအတွင်း စုစုပေါင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းခန့်ရှိနိုင်ကြောင်း တာနစ်က ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ပြည်တွင်းပဋိပက္ခက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှုလမ်းကြောင်းများကိုလည်း ထိခိုက်သက်ရောက်မှုရှိကာ ပို့ဆောင်ခစရိတ်များကြီးမြင့်လျက်ရှိသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *