၂၀. ၂. ၂၀၂၄
Written by Phyo Wei

စိုက်ပျိုးရေးကဏ္ဍမှာ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်း ချက် မပြည့်မီတဲ့ထွက်ရှိမှုတွေက အနုတ်လက္ခဏာပြနေတာကို သတိပြုမိကြဖို့လိုပြီး တစ်ဧကအထွက်နှုန်း တိုးမြှင့်နိုင်ရေး အဓိကထား ဆောင်ရွက်ရမယ်လို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလာတဲ့ ရက်သတ္တပတ်မှာပဲ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း တရားမဝင်ကုန်သွယ်မှု ၁၀,၃၉၅ မှုက ကျပ်ဘီလျံ ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ SAC ဒုဥက္ကဋ္ဌကလည်း ပြောကြားလာပါတယ်။

အခြားတစ်ဖက်မှာလည်း ပို့ကုန်လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန် လယ်ယာထွက်ကုန်တွေ ဈေးကျဆင်းစေဖို့ရည်ရွယ်ပြီး ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်ဈေးနှုန်းနဲ့ ပြန်လဲလှယ်ရမယ်ဆိုတဲ့ သတင်းအမှားတွေ၊ ဒေါ်လာစျေးတက်တိုင်း ထုတ်ရောင်းပေးနေတာ တစ်လကျော်အတွင်း သန်း ၁၃၀ ကျော် ရှိလာပေမဲ့လည်း ဒေါ်လာက စျေးနှုန်းမြင့်တက်ဆဲ မြင့်တက်မှုတွေလည်း မြင်နေရတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပြည်ပထွက်လိုသူလူငယ်တွေကြား လုပ်စားနေတဲ့ Passport ပွဲစားတွေရဲ့ အတင့်ရဲမှုတွေ၊ ကားထုတ်လုပ်မှုကျဆင်းလာတဲ့ အခြေအနေတွေနဲ့ မြန်မာ့ဖွံ့ဖြိုးရေး တရုတ်က ဆက်လက်ကူညီပေးဖို့ တောင်းဆိုလိုက်တဲ့ အခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။

ပြည်ပထွက်လိုသူလူငယ်တွေကြား လုပ်စားနေတဲ့ Passport ပွဲစား

စစ်မှုထမ်းဥပဒေထွက်လာအပြီးမှာ ဘယ်အဖွဲ့အစည်းဘက်မှ မဝင်ချင်၊ လက်နက်မကိုင်ချင်လို့ ပြည်ပကို ရသလိုနည်းနဲ့ သွားဖို့ ကြိုးပမ်းနေတဲ့ လူငယ်တွေကြောင့် Passport လုပ်ဆောင်မှု အရင်ထက်များနေတဲ့အခြေအနေအပေါ် ကြားခံပွဲစားတွေက Passport ရရှိရေးအတွက် ကျပ်သိန်းဆယ်နဲ့ချီ တောင်းခံနေတာတွေလည်း ဖြစ်ပေါ်နေတာတွေကို အရေးယူမယ်လို့ ထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်‌‌‌‌ပေးရေးအဖွဲ့အနေနဲ့ နိုင်ငံကူးလက်မှတ်(Pasport)တွေကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေသလို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)မှာ Online Booking တင်ပြီး QR စနစ်နဲ့ ၂၇၀၀ ဦးနှုန်းနဲ့ လုပ်ပေးနေသလို နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့တွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွေမှာလည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်တွေမှာ နေ့စဉ် လက်ခံဆောင်ရွက်ပေးနေတယ်လို အသိပေးထားပါတယ်။ လက်ရှိအချိန်မှာ Passport ထုတ်ပေးရေးနဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်နေသလို လူသေဆုံးမှုလည်း ဖြစ်ပွားထားတာကြောင့် Passport ရရှိရေး စိုးရိမ်မှုပန်မှုတွေ ဖြစ်ပေါ်နေလို့ အမှန်တကယ် ‌သွားရောက်လိုသူတွေကို အရင်က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်တွေအတိုင်း ဆက်လက် ထုတ်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ ကောလာဟလသတင်းတွေ ထုတ်ပြန်ပြီး ငွေကြေးအဆမတန်တောင်းခံသူတွေ၊ ကြားခံပွဲစားတွေကို ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ သတိပေးထားတာလည်း တွေ့ရပါတယ်။

နိုင်ငံရေးအကျပ်အတည်းစတင်ချိန်မှာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုအမြင့်ဆုံးဟာ ၂ ငါးလုံးဆုံရာ ၂၂ ရက် ၂ လ ၂၀၂၁ တုန်းကဆိုရင် လမ်းပေါ်မှာ လူ သန်း ၂၀ နဲ့ ၂၅ သန်းကြားအထိ ရှိခဲ့တာပါ။ ဒါပေမဲ့ လက်နက်ကိုင်ချိန်မှာတော့ လူနှစ်သိန်းတောင် မပြည့်တာလည်း မြင်ရတာဟာ လူငယ်တွေကြားက လက်နက်ကိုင်တော်လှန်လိုစိတ်နည်းပါးမှုနဲ့ နိုင်ငံရေးအကျပ်အတည်းကို လက်နက်ကိုင်မှုနဲ့အောင်မြင်မယ်လို့ မယုံကြည်တာကိုလည်း ပြသပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်မှုထမ်းဥပဒေဟာ မဖြစ်မနေ လက်နက်ကိုင်ရမဲ့ အခြေအနေကို ညွှန်းဆိုလာတာကြောင့် လက်နက်မကိုင်လိုတဲ့လူငယ်တွေက ပြည်ပကို ရသလိုထွက်ကြတဲ့ အခြေအနေဖြစ်လာတာကို ကြားကပွဲစားတွေနဲ့ လှုံ့ဆော်သူတွေက အမြတ်ထုတ်နေတာဖြစ်ပြီး ဒီလိုအခြေအနေတွေအပေါ် တာဝန်ရှိသူတွေက စနစ်တကျ အရေးယူဆောင်ရွက်ဖို့ လိုမှာပါ။

ကျဆင်းလာတဲ့ ကားထုတ်လုပ်မှု

မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ကားအစီးရေပေါင်း ၃၃၅၇ စီးပဲ ရောင်းချနိုင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်နဲ့ နှိင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သလို ၂၀၂၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှာ ကားအစီးရေပေါင်း ၇၀၆၈ စီး ရောင်းချနိုင်ခဲ့တယ်လို့ အာဆီယံ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရေး ဖက်ဒရေးရှင်းအဖွဲ (AAF) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကားထုတ်လုပ်နိုင်မှုကလည်း ၂၀၂၂ ခုနှစ်မှာ ၃၁၇၅ စီးထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၁၄၇၅ စီးပဲ ထုတ်လုပ်နိုင်တဲ့အထိ ကျဆင်းလာနေတာကို တွေ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ EV ကားတွေက ၆ ဆခွဲကျော် မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လတည်းမှာတင် အစီးရေ ၁၉၀၀ ကျော် မှတ်ပုံတင်ခဲ့ပါသေးတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ အာဆီယံမှာ တစ်ဦးချင်းကားပိုင်ဆိုင်မှု အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ကားလိုအပ်ချက် များပြားတဲ့နိုင်ငံပါ။ ဒါပေမဲ့လည်း ဆင်းရဲတဲ့နိုင်ငံမှာ ဂျပန် ကားဟောင်းတွေ တင်သွင်းခွင့်မပြုတော့သလို လျှပ်စစ်ရော လောင်စာဆီပါ သုံးလို့ရတဲ့ Hybrid ကားတွေ သွင်းခွင့်မပေးတာ၊ EV ကားတွေကို အဆမတန် အမြတ်တင်ရောင်းနေတာကို သိသိနဲ့ အရေးမယူဘဲ သတိပေးချက်အပေါ် ထပ်ဆင့်သတိပေးမှုပဲ ထွက်လာနေတာနဲ့ ဒေါ်လာအကျပ်အတည်းတွေကြောင့် ကားလိုအပ်ချက်ရှိနေလျက်နဲ့ မူဝါဒတချို့ မပြင်ဆင်နိုင်တာကြောင့် တရားမဝင်ကားစျေးကွက်တွင်ကျယ်နေပြီး လိုင်စင်ရှိကားတွေပါ ခိုးယူခံရချိန်မှာ လိုင်စင်မဲ့အဖြစ် ပြောင်းလဲခံရတာမျိုးအထိပါ တွင်ကျယ်မှုတွေ ဆက်ဖြစ်နေရပြီး ခေတ်အပျက်မှာ ပြည်သူပဲကျပ်တည်းဖိစီးမှုပိုလာနေတာ တွေ့ရမှာပါ။

မြန်မာ့ဖွံ့ဖြိုးရေး ဆက်ကူညီပေးဖို့ တောင်းဆိုသံ

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်း တစ်ခုအဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိတာကြောင့် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာလည်း တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေက ဆက်လက် ကူညီဆောင်ရွက်ပေးဖို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်အထိ မြန်မာနိုင်ငံမှာ တရုတ်မြှုပ်နှံမှုက အများဆုံးဖြစ်ပေမဲ့ NLD အစိုးရလက်ထက်မှာတော့ တရုတ်မြှုပ်နှံမှုတွေ တုံ့ဆိုင်းသွားပြီး စင်ကာပူက ကျော်တက်လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်လက်ထက် ၂၀၂၀ ပြည့်နှစ်မှာ BRI နဲ့ ဆက်နွှယ်တဲ့ စီမံကိန်းတွေအပါအဝင် စီမံကိန်း ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ရပြီး တရုတ်မြှုပ်နှံမှုတွေ ပြန်လည်အားကိုးခဲ့ပေမဲ့လည်း ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစမှာတော့ NLD နဲ့ NUG ထောက်ခံသူတွေ၊ PDF တွေက တရုတ်စီမံကိန်းအကုန်လုံးကို မီးရှို့ဖျက်ဆီး တိုက်ခိုက်တာ၊ တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်တာကြောင့် “BRI မှာ မြန်မာနိုင်ငံမပါဘဲ လုပ်မယ်”ဆိုတဲ့ စကားသံဟာ တရုတ်လိုလားသူတွေနဲ့ နိုင်ငံတကာရေးရာ စိတ်ဝင်စားသူတွေကြားမှာ ခန့်မှန်းသုံးသပ်ချက်အနေနဲ့ ထွက်လာသလို လက်ရှိအချိန်မှာလည်း တရုတ်ဘက်က သူ့မြှုပ်နှံမှုတွေကို PDF တိုက်ခိုက်ခံနေရတဲ့ အခြေအနေ မတားနိုင်တာကြောင့် မြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားတာ သိသိသာသာ တွေ့မြင်ရပါတယ်။ ဒီလိုမျိုး Risk ယူ မြှုပ်နှံပါတယ်ဆိုတဲ့ တရုတ်နိုင်ငံက မြှုပ်နှံမှုတောင် ရပ်ဆိုင်းရတယ်ဆိုတာက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အကျပ်အတည်းပြင်းအားကို ခန့်မှန်းမိနိုင်သလို နှစ်နိုင်ငံကူးလူးဆက်ဆံမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြားမှာ ရွေးချယ်လို့မရတဲ့ အိမ်နီးချင်းဖြစ်တာကြောင့် ဒီအခြေအနေဆိုးကို ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းဆွဲသာ ထိန်းကျောင်းဖို့ ဗျုဟာကလည်း အရေးတကြီးလိုအပ်ပါတယ် သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *

Related News