၂၀. ၂. ၂၀၂၄
Written by Min Mahar

ကျောက်ကြီးမြို့နယ်၊ လပါတ်ကျေးရွာမှ ကျောက်ကြီးမြို့သို့ ဘေးတွဲဆိုင်ကယ်များဖြင့် ဆန်စပါးများပို့ဆောင်သည့် ပြည်သူ ၆ ဦးကို KNU/PDF များက ဒလန်များဟု စွပ်စွဲကာ လည်လှီးပြီး သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၅ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့၊ လပါတ်ကျေးရွာတွင် နေထိုင်ကြသော အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်တွင် နေထိုင်သော အမျိုးသား ၁ ဦးတို့သည် လပါတ်ကျေးရွာမှ ကျောက်ကြီးမြို့သို့ ဘေးတွဲဆိုင်ကယ်များဖြင့် ဆန်စပါးများပို့ဆောင်စဉ် ကျေးရွာ၏ အရှေ့တောင်ဘက် ၆ ဖာလုံခန့်အကွာ ခရစ်ယာန်ကျောင်းအနီးအရောက်တွင် KNU/PDF များက မော်တော်ဆိုင်ကယ်များအား ရပ်ခိုင်းပြီး လည်လှီး၍ သတ်ဖြတ်သွားသည့်အပြင် ၎င်းတို့၏ ဆိုင်ကယ်များပါ ယူဆောင်သွားကြောင်း သိရသည်။

“ရွာကနေ ဘေးတွဲဆိုင်ကယ်တွေနဲ့ ကျောက်ကြီးမြို့ကို စပါးသွားပို့တဲ့ ယောကျ်ားလေး ၂ ယောက်၊ မိန်းကလေး ၃ ယောက်နဲ့အတူ ကျောက်ကြီးကလာတဲ့ ယောကျာ်းလေး ၁ ယောက်တို့ ပျောက်နေလို့ လိုက်ရှာလိုက်တာ ရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ခရစ်ယာန်ကျောင်နားမှာ ကိုယ်စီ လည်လှီး သတ်ဖြတ်ခံလိုက်ရတယ်။ လူမဆန်စွာ ရက်ရက်စက်စက် သတ်သွားကြတယ်။ လူ့အသတ်တွေကို ကြက်ကလေး ငှက်ကလေးတွေ သတ်လိုက်သလိုပဲ သတ်နေကြတယ်။ လူသတ်သွားတဲ့အပြင် ဆိုင်ကယ်နဲ့ စပါးအချို့ပါ ယူသွားကြသေးတယ်။ KNU/PDF တွေက ဒလန်လို့ ပြောပြီး သတ်သွားကြတယ်လို့ ရွာထဲမှာ ပြောနေကြတယ်” ဟု အမည်မဖော်လိုသူ ရွာခံတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ လည်လှီးသတ်ဖြတ်ခံရသည့် ပြည်သူ ၆ ဦးမှာ လပါတ်ကျေးရွာတွင် နေထိုင်ကြသည့် အသက် ၃၀ နှစ်အရွယ်ခန့်ရှိသော ကိုဖိုးကျော်၊ အသက် ၂၅ နှစ်အရွယ်ခန့်ရှိသည့် ကိုကျော်ဟိန်း၊ အသက် ၅၃ နှစ်ခန့်အရွယ်ရှိသော ဒေါ်သီး၊ အသက် ၃၃ နှစ်အရွယ်ရှိသည့် မခင်သီတာစိုး၊ အသက် ၃၄ နှစ်အရွယ် မကြည်ပြာခိုင်နှင့် ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ်ခန့်ရှိသော ကိုပိုင်စိုးမင်းတို့ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *