ဆော်ဒီလိဂ်က မေဂျာလိဂ်ထက်ပိုကောင်းတယ်ဆိုတာ သက်သေပြဖို့နဲ့ ရော်နယ်ဒိုမပါပေမဲ့ မက်ဆီရဲ့အသင်းကို ၆ ဂိုးပြတ်သွင်းပြပြီး ဂုတ်ကို ဒေါက်ဖြုတ်တဲ့ အယ်လ်နက်ဆာ

၂. ၂. ၂၀၂၄
Written by Thettant

မေဂျာလိဂ်က အညံ့ဆုံးအသင်း အင်တာမိုင်ယာမီဟာ ဆော်ဒီလိဂ်ရဲ့ အကောင်းဆုံးမဟုတ်တဲ့အပြင် ဒဏ်ရာကြောင့် ရော်နယ်ဒိုမပါပေမဲ့လည်း ဒီနေ့ပွဲမှာ အယ်လ်နက်ဆာရဲ့ ၆ ဂိုးပြတ် ဂိုးသွင်းမှုခံလိုက်ရပြီး အရှက်တကွဲ ရှုံးနိမ့်သွားပါတယ်။

အင်တာမိုင်ယာမီရော အယ်လ်နက်ဆာရောဟာ တစ်ချိန်က လူမသိသူမသိအသင်းတွေပေမဲ့ ဘောလုံးလောကရဲ့ GOAT နှစ်ယောက်က နောက်ဆုံးအချိန်မှာ မက်ဆီက အင်တာမိုင်ယာမီ၊ ရော်နယ်ဒိုက အယ်လ်နက်ဆာရောက်သွားချိန်မှာ ကမ္ဘာသိအသင်းဖြစ်လာကြသလို သူတို့နှစ်​ယောက်ကြား နောက်ဆုံးယှဥ်ပြိုင်မှုလည်းဖြစ်နိုင်လို့ ကမ္ဘာကစိတ်ဝင်တစားစောင့်ကြည့်ပေမဲ့ ကြွက်သားဒဏ်ရာကြောင့် ရော်နယ်ဒိုကတော့ အရန်စာရင်းမှာတောင် ပါမလာခဲ့သလို မက်ဆီကလည်း အရန်ခုံထိုင်ခဲ့ရတာပါ။

ဒါပေမဲ့လည်း အယ်နက်ဆာကတော့ “🔥 No Ronaldo? Don’t worry.. 🤩” ဆိုပြီးကို ပွဲခံသွားခဲ့ပြီး ဟတ်ထရစ်သွင်းခဲ့တဲ့ တယ်လစ္စကာတို့လူတစ်စုက ဂိုးသွင်းလိုက် ရော်နယ်လ်ဒိုရဲ့ ကမ္ဘာကျော် Siuuu နဲ့ အောင်ပွဲခံလိုက်နဲ့ကို မက်ဆီအတွက် မချိတင်ကဲ အရှက်ကွဲစေခဲ့တာပါပဲ။

ဒီနေ့ပွဲမှာ ရော်နယ်လ်ဒိုမပါဝင်လာပေမဲ့လည်း ဆော်ဒီလိဂ်က ပိုကောင်းပါတယ်ဆိုတဲ့သူ့စကားကို သက်သေပြဖို့ အယ်လ်နက်ဆာအသင်းဟာ ၄-၂-၃-၁ နဲ့ အတိုင်းထက်အလွန် အားထုတ်သွားခဲ့တာကြောင့် ဘာစီလိုနာရဲ့ ဂန္တဝင်လူတစ်စုဟာ ခံစစ်ပိတ်ဆော့တဲ့ ၅ – ၃ – ၂ နဲ့ ကစားနေရင်းကို ကလေးနဲ့လူကြီးဆော့နေသလိုအရှက်တကွဲ အရှုံးပေးခဲ့ရတဲ့အပြင် ဂိုးသွင်းသူတွေက ရော်နယ်ဒိုရဲ့ဟန်အတိုင်း Siuuu နဲ့ ပွဲခံခဲ့ကြတာကြောင့် ရှုံးချက်နာတဲ့မက်ဆီတို့အတွက် ပိုပြီးအရှက်ရခံပြင်းစေခဲ့ရတာပါ။

ဒီနေ့ပွဲမှာ ပွဲအစ ၃ မိနစ်တင် အော့တာဗီယိုက ၁၈ ကိုက်စည်းထိပ်နားကနေ အဖွင့်ဂိုးသွင်းယူပြီး Siuuu နဲ့ ဖွင့်ခဲ့သလို ပွဲမထွက်နိုင်ပေမဲ့လည်း လက်သီးလက်မောင်း တန်းပြီး အောင်ပွဲခံနေတဲ့ ရော်နယ်ဒိုရဲ့ပုံရိပ်ကို အမိအရမှတ်တမ်းတင်ပြခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ ဒီနေ့ပွဲမှာ ထူးရှယ်ခြေစွမ်းပြနေတဲ့ တယ်လစ္စကာက ဂိုးရှေ့ဖြတ်တင်ပေးတဲ့အလုံးကို ပိတ်သွင်းယူခဲ့တာဖြစ်ပြီး အဲဒီဂိုးမှာ အင်တာမိုင်ယာမီကစားသမားတွေ လူကပ်မကစားတတ်တာ၊ နောက်ခံလူမပါသလိုမျိုးကို အယ်လ်နက်ဆာကစားသမားနှစ်ယောက်နဲ့ အင်တာမိုင်ယာမီဂိုးသမားထိပ်တိုက်တိုးခဲ့တာဖြစ်ပြီး အယ်လ်နက်ဆာနောက်ခံလူ လေးယောက်က ပျင်းရိပျင်းတွဲနဲ့ အားထုတ်မှုမရှိခဲ့ပါဘူး။

အယ်လ်နက်ဆာအတွက် တတိယဂိုးကိုတော့ ပွဲချိန် ၁၂ မိနစ်မှာ လာပေါ်တေးက ကိုက် ၆၀ ကျော်လောက်ကနေ ပြစ်ဒဏ်ဘောရတာကို ဂိုးရှေ့အတော်တော်များများရောက်နေတဲ့ အယ်လ်နက်ဆာဂိုးသမားကိုကျော်ပြီး သွင်းယူသွားခဲ့တာပါ။ အဲဒီနောက်မှာတော့ လူချဖို့ကလွဲရင်ဘာမှမလုပ်တတ်တော့တဲ့ မက်ဆီရဲ့ မိုင်ယာမီက ပွဲချိန် ၅၁ မိနစ်မှာ ပြစ်ဒဏ်ဘောကျုးလွန်လို့ ရလာတဲ့ ပင်နယ်လ်တီကို တယ်လစ္စကာက သွင်းယူသွားခဲ့ပြန်ပါတယ်။ ပွဲကစားချိန် ၆၈ မိနစ်မှာ ထောင့်ကန်ဘောကနေ မာရန်ကသွင်းယူသွားခဲ့သလို ပွဲချိန် ၇၃ မိနစ်မှာတော့ ထူးရှယ်ခြေစွမ်းပြနေတဲ့ တယ်လစ္စကာကပဲ သူ့အတွက် ဟတ်ထရစ်ကို မက်ဆီတို့အသင်းနောက်ခံလူ လေးယောက်ကြားက သွင်းယူပြီး ရော်နယ်လ်ဒိုရဲ့ Siuuu နဲ့ ပွဲခံသွားခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ အင်တာမိုင်ယာမီရဲ့ ပဲ့ကိုင်ရှင်မာတီနိုက မက်ဆီကိုသောက်ရှက်ခွဲဖို့ရည်ရွယ်ချက်နဲ့ လူစားလဲခဲ့ပေမဲ့ ၁၀ မိနစ်လောက်ပဲကစားရတဲ့ ဂုတ် ကြီးဟာ အရှက်ပြေချေပဂိုးလေးတစ်ဂိုးရဖို့တောင် မစွမ်းဆောင်နိုင်ဘဲ ရော်နယ်ဒိုမပါတဲ့ အယ်လ်နက်ဆာကို ၆ ဂိုးပြတ်နဲ့ မရှုမလှရှုံးပြီး မျက်နှာငယ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။

ဒီနေ့ပွဲဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက မက်ဆီအတွက် ဘာမဆိုလုပ်ပေးမယ်ဆိုပြီး ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းသားတွေနဲ့ ရော်နယ်လ်ဒိုကို လိုက်ယှဥ်ပြိုင်ပြီးဒေါက်ဖြုတ်ဖို့ကြိုးပမ်းကြတဲ့ ပေါ်တူဂီကစားသမားတွေကိုမြင်ခဲ့ရသလိုမျိုး ရသကို ပြန်အမှတ်ရစေခဲ့တာပါ။ နိုင်ငံအသင်းမှာကံကောင်းတဲ့မက်ဆီဟာ ကလပ်အသင်းမှာတော့ ရော်နယ်လ်ဒိုအတွက် ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့ အယ်လ်နက်ဆာကစားသမားတွေရဲ့ အားထုတ်မှုကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးကစားကြဖွယ်ရှိတဲ့ ကလပ်အသင်းမှာတော့ ရော်နယ်လ်ဒိုက ပိုကံကောင်းခဲ့သလို သူ့အတွက်ဘာမဆိုလုပ်ပေးမဲ့ကစားဖော်တွေကို ပိုင်ဆိုင်ခဲ့ရတာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *