၂၉. ၁. ၂၀၂၄
Written by Phyo Wei

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လုံခြုံရေးတပ်လှန့်ထားရသလို ဘင်္ဂါလီတွေကို ပြန်ပို့ရေးကလည်း အနှုတ်သဘောဆောင်လာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန် မာမွတ်က ထုတ်ဖော်ပြောဆိုလာတဲ့ ဒီရက်သတ္တပတ်မှာပဲ KIA၊ TNLA နဲ့ PDF တွေကို တိုက်ထုတ်ပြီး တပ်မတော်က မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အမြဲတမ်းအတွင်းဝန်တစ်ဦးပြန်လည်စေလွှတ်ပြီး အာဆီယံနဲ့ ထိတွေ့ဆက်ဆံလာတာ၊ မြန်မာ့ နိုင်ငံရေးအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီအကြံပေးတို့ အဓိကထားဆွေးနွေးလာတာ၊ နယ်ခြားစောင့်တပ်နဲ့ ပတ်သက်တဲ့ ဂယက် စတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဆီမူးယစ်ဆေးဝါးတွေ ပိုမိုတင်ပို့လာတာ၊ ပြည်သူ့လုံခြုံရေးစနစ်အကောင်အထည်ဖော်ဖို့ စတင်မယ်ဆိုတာနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လျှောက်လှမ်းဖို့ တိုက်တွန်းလာတဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။

နိုင်ငံရေးပဋိပက္ခတွေကြောင့် မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံဆီပိုမိုတင်ပို့မှု

“ထိုင်းနိုင်ငံအတွင်း ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးရမိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးဖမ်းဆီးရမှုဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ဆလောက်မြင့်တက်လာခဲ့တယ်။ ဒီလိုမျိုး အများအပြား ဖမ်းဆီးရမိပေမယ့် စိတ်ကြွမူးယစ်ဆေးဝါးဈေးနှုန်းတွေက ဈေးနှုန်းတက်လာတာမျိုးမရှိဘူး။ အဲဒီစိတ်ကြွမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နေတာမျိုးဖြစ်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအငြင်းပွားမှု ပြဿနာတွေဖြစ်နေတဲ့အတွက် ငွေကြေးလိုအပ်တာတွေရှိနေတယ်။ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေက ကြီးမားတဲ့ပြဿနာတွေဖြစ်စေခဲ့တယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေကြောင့် ပြည်သူတွေဟာ ငွေကြေးမရဘဲဖြစ်နေတယ်။ ငွေကြေးရဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းက မူးယစ်ဆေးဝါးလုပ်ဆောင်တာတွေ ဖြစ်လာစေခဲ့တယ်။ လက်ရှိအချိန်မှာ မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို လမ်းကြောင်းအမျိုးမျိုးကနေ မူးယစ်ဆေးဝါးတွေကိုကျောပိုးအိတ်ထဲ ထည့်ပြီး တင်ပို့ဖို့ ကြိုးပမ်းလာနေတယ်”လို့ ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ပြောလာပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ တစ်နိုင်ငံလုံးတိုက်ပွဲတွေဖြစ်လာပြီး တိုက်ပွဲတစ်ပွဲဟာ အနည်းဆုံး ဒေါ်လာသန်းဂဏန်းလောက် သုံးရချိန်မှာ အလှုခံရငွေနဲ့ ငွေတိုက်စာချုပ်တွေ၊ မြန်မာနိုင်ငံက မြေကွက်တွေရောင်းတာက သုံးနှစ်မှ ဒေါ်လာ သန်း ၁၅၀ လောက်ပဲရတဲ့ NUG နဲ့ ဘယ်သူ့ဆီကမှ အလှုခံမရဘဲ တိုက်နေရတဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အရင်ကတည်းက သူတို့နာမည်ပျက်ပြီးသားဖြစ်တဲ့ လွယ်လွယ်ကူကူငွေရှာလို့ရတဲ့ မူးယစ်ဆေးတွေကို တိုးထုတ်ပြီး ရတဲ့စျေးနဲ့ ရောင်းချနေတဲ့ သဘောကိုလည်း မြင်ရပါတယ်။ ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံဘက်ခြမ်းက ရွာတွေဘက်မှာ KNU လက်နက်ကိုင်တွေနဲ့ PDF တွေ ဝင်ထွက်သွားလာ အခြေပြုတာကို လက်ခံထားတဲ့ ထိုင်းနိုင်ငံဟာလည်း မူးယစ်ဆေးဖြန့်ချိရာစျေးကွက်တစ်ခုဖြစ်လာတဲ့အခြေအနေဖြစ်နေပြီး ထိုင်းတပ်မတော်သားတွေဟာ မကြာခဏဆိုသလို မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူတွေနဲ့ တိုက်ပွဲတွေဖြစ်တာ၊ မူးယစ်ဆေးသန်းနဲ့ချီမိနေတာကိုလည်း ထိုင်းသတင်းတွေမှာ အမြဲလိုတွေ့လာနေရပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာဆိုရင်လည်း AA လက်နက်ကိုင်အဖွဲ့ရဲ့ ဘီလျံ ၅၀ ကျော်ဖိုး မူးယစ်ဆေးဖမ်းမိမှုအပါအဝင် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေအတွင်းမှာ ဘီလျံဆယ်ချီ မူးယစ်ဆေးဖမ်းမိတာတွေ ဒီရက်ပိုင်းမှာ ဆယ်မှုထက်မနည်း ဆက်တိုက်မြင်နေခဲ့ရတာပါ။ သေချာတာတစ်ခုကတော့ ကာစီနို၊ ကျားဖြန့်လုပ်ငန်းတွေကလွဲရင် တရားဝင်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုမှ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်ပွဲတွေ ဖော်ဆောင်နေသရွေ့တော့ မူးယစ်ဆေးဖြန့်တာ၊ အွန်လိုင်းလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမရတာမျိုး ဆက်ကြုံနေရဦးမှာပါ။ ဒီလိုမျိုးဆက်ကြုံနေသရွေ့လည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေဟာလည်း မြန်မာ့ရွှေ့ပြောင်းဒုက္ခသည်အရေးအပြင် မူးယစ်ဆေးနဲ့ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်တွေ ကြုံရဦးမှာပါ။

အကောင်အထည်ဖော်တော့မဲ့ ပြည်သူ့လုံခြုံရေးစနစ်

ပြည်သူအားလုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်ပြီး ပြည်သူ့လုံခြုံရေးစနစ်ကနေ တစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ် ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့လုံခြုံရေးစနစ်ဟာ အရေးကြီးပြီး ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲအစည်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စည်းလုံးမှုရှိမှ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ အောင်မြင်နိုင်မှာဖြစ်တယ်လို့လည်း SAC ဥက္ကဋ္ဌက ပြောလာပါတယ်။ အဓိကအနေနဲ့ အကြမ်းဖက်သူတွေရဲ့ သတင်းပေးပို့ဖို့ဖြစ်ပြီး သတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးရမှာဖြစ်တာကြောင့် ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပြီး ပြည်သူ့လုံခြုံရေးစနစ်ကနေတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ် ဖော်ဆောင်သွားရမှာဖြစ်တယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။

ဒီနေရာမှာ ပြည်သူ့လုံခြုံရေးစနစ်အတွက် ပြည်သူတွေက သတင်းပေးရမယ်ဆိုရာမှာလည်း လက်ရှိအချိန်မှာ PDF တွေကပဲ သတင်းအချက်အလက်ဦးနေတဲ့ အနေအထားကို မြင်နေရသလို PDF တွေဟာ လူထုထောက်ခံမှုရှာတာ၊ အကြောက်တရားနဲ့ ဖိနှိပ်ပြီး သူတို့ဘက်ရပ်တည်အောင်လုပ်တာ၊ သူတို့ဘက်မရပ်တည်ရင် သူလျှို၊ ဒလန်ဆိုပြီး သတ်ဖြတ်တာ၊ စစ်ရေးအရ အလစ်အငိုက် တိုက်ခိုက်တာ၊ သံတမန်လှုပ်ရှားမှုအဖြစ်လည်း နိုင်ငံတကာနဲ့ပေါင်းပြီး ဖိအားပေးတာ၊ မီဒီယာကို အသုံးပြုပြီး နိုင်နေပြီဆိုတဲ့ ဝါဒဖြန့်ချိမှု စဉ်ဆက်မပြတ်လှုပ်ရှားတာ စတဲ့ ကဏ္ဍခြောက်ရပ်နဲ့ ဟန်ချက်ညီညီလှုပ်ရှားနေတာဖြစ်လို့ ပြည်သူ့လုံခြုံရေးစနစ် အသက်သွင်းချင်ရင်တော့ PDF တွေရဲ့ လက်ရှိဗျူဟာကို အခိုင်အမာတန်ပြန်နိုင်မဲ့ မဟာဗျုဟာကြိုတင်တည်ဆောက်နိုင်ဖို့ လိုအပ်မှာပါ။

ငြိမ်းချမ်းရေးလမ်းစဉ်လျှောက်လှမ်းသင့်ချိန်တန်တဲ့ မြန်မာ

“အခုဆို သုံးနှစ်လောက်အကြာမှာ မြန်မာပြည်သူပြည်သားတွေရဲ့ သွင်ပြင်လက္ခဏာဖြစ်တဲ့ အပြုံးရဲ့နေရာမှာ နာကျင်ငိုကြွေးသံတွေနဲ့ လက်နက်ကြီးသံတွေက အစားထိုးဝင်ရောက်လာနေခဲ့တယ်” လို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောကြားလိုက်ပြီး မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လျှောက်လှမ်းသင့်ချိန်တန်ပြီလို့ ပြောလိုက်ပါတယ်။

အခြားတစ်ဖက်မှာတော့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ အင်အားကို အမှီပြုပြီး ငါတို့နိုင်မှာဆိုတဲ့ မျှော်လင့်ချက်အမှားတွေနဲ့ လူတစ်စုကလည်း ၂၀၂၃ ကို အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို့ပြောခဲ့ပြီး တကယ်မဖြစ်ခဲ့လို့ ၂၀၂၄ မှာ အရှက်ပြေတိုက်ပွဲတွေ ဆင်နွှဲနိုင်အောင်လည်း ကြိုးပမ်းနေတာကို တွေ့နေရပြန်ပါတယ်။ ဒီနေရာမှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ဖယ်လိုက်မယ်ဆိုရင် NUG နဲ့ PDF တွေ နိုင်နေတယ်ဆိုတဲ့နေရာက ဟုတ္တိပတ္တိမရှိဘဲ ဘတစ်ပြန်ကျားတစ်ပြန် သူခံလိုက် ကိုယ်နှံလိုက်ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။

အရေးအကြီးဆုံးပြယုဂ်ကတော့ ရှမ်းမြောက်မှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နိုင်ဖို့ NUG ရဲ့ မန္တလေး PDF၊ BPLA၊ BNRA တို့ ဝင်တိုက်ပေးခဲ့ပေမဲ့လည်း နယ်မြေရသွားတဲ့အချိန်မှာ NUG ဟာ အဲဒီနယ်မြေကို တစ်စိုးတစ်စိတောင် ကပ်ခွင့်မရ၊ ထိန်းချုပ်ခွင့်မရတဲ့အခြေအနေကိုပဲ မြင်ခဲ့ရတာပါ။ ကောလင်းဟာလည်း KIA ရဲ့ထိန်းချုပ်မှုအောက်ကနေ NUG အလုပ်လုပ်ပြနေရတာပါ။ ဒီအခြေအနေဟာ ဘာကိုပြလဲဆိုရင် NUG က နိုင်ပြီဘယ်လောက်ပြောပြော တိုင်းရင်းသားတွေအပေါ် မဟာမိတ်ဆက်ဆံရေးတောင် တည်ဆောက်မထားနိုင်ဘဲ သူတို့သင်ပေးတာနာယူ၊ ကြေးစားစစ်သားပို့၊ ကြည်ဖြူသလောက် လက်နက်နဲ့ငွေယူအဆင့်မျိုးဖြစ်ပြီး ဘယ်နေရာမှထိန်းနိုင်တာမရှိဘဲ တော်လှန်ရေးအရှိန်ကြာလာတာနဲ့အမျှ တိုင်းရင်းသားတွေက ကိုယ်ပိုင်နယ်မြေမှာ ကိုယ်ပိုင်တပ်နဲ့ နယ်မြေချုပ်ကိုင်သွားတာ၊ NUG နဲ့ PDF တွေက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်အောက်ခံ၊ ထိန်းချုပ်ခံဘဝဖြစ်ပြီး မြန်မာနိုင်ငံကလည်း သူတစ်လူငါတစ်မင်း ပြန်ဖြစ်မဲ့ အခြေအနေပါ။

ဒီလိုမျိုး သူတစ်လူငါတစ်မင်းဆိုတဲ့ အခြေအနေ၊ ဘယ်လိုဖွဲ့စည်းပုံမျိုးကမှ တစ် ပြည်နယ်၊ တစ် တပ်မတော်ဆိုတဲ့ အခြေအနေကို ခွင့်ပြုပေးမှာမဟုတ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာဒေသတွေဟာ တိုက်ပွဲအပေါ် တိုက်ပွဲဆင့် နယ်မြေမအေးချမ်းမှုတွေပဲ ဆက်ဖြစ်နေမယ်ဆိုတာ အသေအချာပါ။

လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင်လည်း တစ်ဖက်နဲ့တစ်ဖက် အပြတ်အသတ်နိုင်အောင် မတိုက်နိုင်တဲ့အခြေအနေဖြစ်လာနေသလို ကြားထဲမှာမြေစာပင်သောင်းဂဏန်းဟာလည်း နှစ်ဖက်ကြားမှာ အသက်နဲ့ ဘ၀တွေ ပေးထားရတဲ့အပြင် အိုးအိမ် ၈၀၀၀၀ ကျော် ပျက်စီးတာ၊ မြို့ ၃၀ ကျော်ပျက်သွားတာ၊ ပြည်သူတွေ ၆ သန်းလောက် အိုးပစ်အိမ်ပစ်နေနေရပြီး လူ သန်း ၂၀ လောက်က စားဝတ်နေရေးအငတ်ဘေးဆိုက်လာတာကိုလည်း မြင်နေရပြီဖြစ်ပါတယ်။ ဒီလိုမျိုးဘက်စုံကျပ်တည်းမှုတွေဟာ နိုင်ငံရေးကို လက်နက်အားကိုးနဲ့ ဖြေရှင်းကြမှုတွေရဲ့ ဆိုးကျိုးဖြစ်သလို ဒီဆိုးကျိုးငရဲပန်းကို ငါတို့နိုင်မဲ့ရွှေပန်းထင်နေသရွေ့တော့ ငတ်ပြတ်သေကြေသူတိုးလာပြီး ကာလရှည်စစ်ဘေးမှာ စတေးရမဲ့သူက ကိုယ့်မိသားစုအလှည့်ဖြစ်လာဖို့ မဝေးတော့တာဆင်ခြင်ပြီး ပုပ်ရဟန်းမင်းကြီးတိုက်တွန်းသလို ငြိမ်းချမ်းဖို့ကိုတောင်းဆို အသက်နဲ့ဘ၀ဖျက်မဲ့စစ်မီးကို အပြီးသတ်ချုပ်ငြိမ်းဖို့ ကြိုးစားသင့်ပါပြီလို့ပဲ အထပ်ထပ်အခါခါတိုက်တွန်းပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *