၂၉.၁၁.၂၀၂၂
Written By A Thaung

နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည့် VUC အသင်းနှင့် MIU အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့သည့် MFF Futsal Championship 2022 ဗိုလ်လုပွဲစဥ် ရှုံးနိမ့်မှုကြောင့် ကွင်းအတွင်းပစ္စည်းများ ဖျက်ဆီးခြင်း၊ ဒိုင်လူကြီးနှင့် ပရိသတ်အား ရိုက်နှက်ထိုးကြိတ်သူများနှင့် MIU အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

MFF Futsal Championship 2022 ဗိုလ်လုပွဲစဥ်တွင် VUC အသင်းအား MIU အသင်းက ၅ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့်ကာ ချန်ပီယံဆု လက်လွှတ်ရသောကြောင့် ကွင်းအတွင်းပစ္စည်းများ ဖျက်ဆီးခြင်း၊ ဒိုင်လူကြီးနှင့် ပရိသတ်အား ရိုက်နှက်ထိုးကြိတ်ခြင်းများ MIU အသင်းက ပြုလုပ်ခဲ့၍ နိုင်ငံတကာမျက်နှာစာအထိ ဝေဖန်မှုခံခဲ့ရသည်။ ထို ရန်ပွဲဖြစ်စဉ်အပေါ် နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် အစည်းအဝေးပြုလုပ်သုံးသပ်ပြီးနောက် ပြိုင်ပွဲကြီးကြပ်သူများ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်များအား ခေါ်ယူမေးမြန်းခဲ့ကာ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖြစ်စဉ်အပေါ်သုံးသပ်ပြီးနောက် ပွဲကြည့်စင်မှဆင်းလာပြီး လိုက်လံရိုက်နှက်ခဲ့သည့် MIU FC မှ ဦးမောင်မောင်ဇော်အား ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ပတ်သတ်ခွင့်မပြုတော့သည့်ပြစ်ဒဏ်၊ ကြည့်ရှုကြီးကြပ်ခွင့်မပြုတော့သည့် ပြစ်ဒဏ်များချမှတ်ခဲ့သည်။

ထို့အတူ ပွဲကြည့်စင်မှဆင်းလာကာ ပြိုင်ပွဲကျင်းပရေးဆိုင်ရာပစ္စည်းများအား ဖျက်ဆီးသူ ‌ဖြိုးလင်းထက်အား ဖူဆယ်ကစားခွင့်၊ ပွဲကြည့်ခွင့်နှင့် ဖူဆယ်အသင်းများနှင့် ပတ်သက်ခွင့်ကို ရာသက်ပန်ပိတ်ပင်ခဲ့သည်။

ဒိုင်လူကြီးများနှင့် ပရိသတ်များအား ထိုးကြိတ်ခဲ့သည့် MIU FC မှ လက်ထောက်နည်းပြ ဥက္ကာကျော်၊ ကျောနံပါတ်(၃) ညီညီစံနှင့် ကျောနံပါတ် (၁၆) သီဟသူ တို့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဖူဆယ်ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှုခွင့်များအား ဘောလုံးရာသီ (၃) ရာသီပိတ်ပင်ပြစ်ဒဏ်များ ချလိုက်ကြောင်းသိရသည်။

ထို့အပြင် အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများဖြစ်သည့် ကျောနံပါတ်(၁၀) ကျော်စိုးမိုး၊ ကျောနံပတ်(၁၁) နိုင်ရဲကျော်၊ ကျောနံပါတ်(၉) ခင်ဇော်လင်းနှင့် ကျောနံပါတ်(၇) စိုင်းပြုံးအောင် တို့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှုခွင့်၊ လက်ရွေးစင် ကစားသမားအဖြစ် ရွေးချယ်ခြင်း၊ ပြည်ပထွက်ကစားခွင့်များအား ဘောလုံးရာသီ (၂)ရာသီ ပိတ်ပင်ပြစ်ဒဏ်များ ချမှတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်အစတွင် ဒိုင်လူကြီးထိုင်သည့် ထိုင်ခုံအလွတ်အား ကန်ပြီး ရိုက်နှက်ရန် ရွယ်ခဲ့သည့် MIU FC အသင်းမှ ကျောနံပါတ်(၁၂) ချမ်းသာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများတွင် မည်သည့်အသင်းနှင့်မျှ ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲကြည့်ရှုခွင့်၊ လက်ရွေးစင် ကစားသမားအဖြစ် ရွေးချယ်ခြင်း၊ ပြည်ပထွက်ကစားခွင့်များအား ဘောလုံးရာသီ (၁)ရာသီ ပိတ်ပင်သွားမည်ဖြစ်သည်။

အလားတူ MIU FC အသင်းမှ ကျောနံပါတ်(၉) ခင်ဇော်လင်းသည် ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆု ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသော်လည်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ရရှိခဲ့သည့်ဆုအား ပယ်ဖျက်လိုက်သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်များအပေါ်  ကြပ်မတ်ထိန်းသိမ်းနိုင်စွမ်းအားနည်းခဲ့သည့် MIU FC အသင်းကိုလည်း ကျပ်သိန်း ၃၀ ဒဏ်ရိုက်လိုက်ပြီး နောက်နောင်ဖြစ်ပွားပါက လိဂ်ပြိုင်ပွဲများမှ ထုတ်ပယ်မည်ဖြစ်ကြောင်းနှင့် ထိုပွဲစဥ်ဒိုင်လူကြီးများ၏ တာဝန်ထမ်းဆောင်မှုကို ဒိုင်ကော်မတီမှ ပြန်လည်တင်ပြရန် စသည့် ပြစ်ဒဏ်များ ချမှတ်လိုက်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *