၂၉. ၁၁. ၂၀၂၂
Written by Pan Ei

တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်တဲ့ CCTV Sports ဟာ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ပြသနေစဉ်အတွင်းမှာ နှာခေါင်းစည်းမတပ်ထားတဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေအစား ကွင်းထဲမှာရှိတဲ့ ကစားသမားတွေနဲ့ နည်းပြတွေရဲ့ မြင်ကွင်းတွေကို အစားထိုးပြသခဲ့ပြီး နှာခေါင်းစည်းမတပ်ထားတဲ့ လူအုပ်ကို အနီးကပ်ရိုက်ချက်တွေနဲ့ ပြသမှုမရှိဘဲ ရှောင်ကျဥ်ထုတ်လွှင့်ခဲ့ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုစံချိန်တင် မြင့်တက်နေတာကြောင့် နိုင်ငံတစ်ဝန်းမှာ ကိုဗစ်သုည မူဝါဒ ချမှတ်ထားပြီး ထိန်းချုပ် ကန့်သတ်မှုတွေကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။

ကိုဗစ်စည်းမျဉ်းတွေမရှိဘဲ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို တရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်း အသုံးပြုသူတွေက သမ္မတ ရှီကျင့်ဖိန်ရဲ့ ကိုဗစ်သုည မူဝါဒအောက်မှာ သူတို့ခံစားနေရတဲ့ ပြင်းထန်တဲ့အထီးကျန်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့လည်း ညည်းညူခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ တင်းကြပ်တဲ့ ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ရေး ဆောင်ရွက်မှုတွေအပေါ်  ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ အတူ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ကာ ရှန်ဟိုင်း၊ ဘေဂျင်းနဲ့ ချန်ဒူးမြို့တို့ အပါအဝင် မြို့ ကြီးတွေမှာ ဆန္ဒပြပွဲတွေ အများအပြား ဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေလည်း ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ခြင်း စည်းမျဉ်းတွေကို လျှော့ချပေးဖို့နဲ့ အပြောင်းအလဲလုပ်ပေးဖို့ မျှော်လင့်နေကြတဲ့ ပြည်သူတွေကို ကိုဗစ်စည်းမျဉ်းတွေ မရှိတော့တဲ့ အခြားနိုင်ငံတွေရဲ့ ပုံရိပ်တွေ မမြင်စေဖို့အတွက် ကမ္ဘာ့ဖလားပွဲစဥ်တွေ ပြသရာမှာ ဆင်ဆာဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်မယ်လို့ ခန့်မှန်းနေကြပြီး နိုဝင်ဘာ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရောဂါကူးစက်မှုအသစ် ၃၉,၀၄၇ခုနဲ့ စံချိန်တင်ခဲ့ပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *