နိုဝင်ဘာ ၂၈ ညနေပိုင်းက လှိုင်သာယာမြို့တွင်းတစ်နေရာအား တွေ့ရစဉ်

၂၉. ၁၁. ၂၀၂၂
Written By A Thaung

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှ ဘုရင့်နောင်ရှိငါးခြောက်ဒိုင်များသို့ ငါးခြောက်လာပို့သည့်ကားများ လှိုင်သာယာမြို့နယ်အတွင်း မကြာခဏလုယက်ခံနေရကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

လုယက်ခံရသည့် ငါးခြောက်ကားများမှာ ဖျာပုံမြို့မှ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ငါးခြောက်လာပို့သည့်ကားများဖြစ်ပြီး အထူးသဖြင့် ကားအမိုးအကာအဖြစ်လုပ်ထားသည့် တာလပတ်စများအား ဓါးဖြင့်ထိုးခွဲပြီး အုပ်စုလိုက်ကားပေါ်တက်ကာ လုယက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်အ‌ခြေစိုက် ငါးခြောက်ဒိုင်လုပ်ငန်းရှင်တစ်ဦးက MT News သို့ပြောသည်။

“ဘေးတွဲဆိုင်ကယ်တွေနဲ့ ကားနောက်ကိုနောက်ယောင်ခံလိုက်ပြီး ကားမီးပွိုင့်မိတဲ့အချိန်ရောက်မှ အဲဒီလိုလုပ်ကြတာ။ ငါးခြောက်ကားတွေက အနံ့ထွက်တော့ သူတို့က ငါးခြောက်မှန်းသိလို့ လိုက်လာကြတာ။ အရင်ကတော့ လူနည်းနည်းလေး။ အခုက တဖြေးဖြေးလူများလာတယ်လို့ ကားသမားတွေကတော့ပြောတယ်” ဟု ၎င်းကပြောသည်။

ငါးခြောက်လုယက်သူများမှာ တန်ဖိုးကြီးအကောင်းစားငါးခြောက်များကိုသာ လုယက်ကြခြင်းဖြစ်ပြီး ဆန်အိတ်ပါလာပါက ကားပေါ်မှအောက်သို့ပစ်ချကာ ဘေးတွဲဆိုင်ကယ်များဖြင့် တင်သွားကြကြောင်း ဖျာပုံမြို့ခံတစ်ဦးဖြစ်သူ ငါးခြောက်ကုန်သည် ဦးနိုင်ကပြောသည်။

“သူတို့က လှိုင်သာယာကို ကားစဝင်ကတည်းက အနောက်ကနေ စလိုက်ကြတာ။ လမ်းမှာ ကားခနရပ်ရင်ပဲဖြစ်ဖြစ်၊ ပွိုင့်မိတာပဲဖြစ်ဖြစ် တက်လုတော့တာပဲ။ ကားသမားတွေကလည်း ကြောက်တော့ ဘာမှပြန်မပြောရဲကြဘူး” ဟု ၎င်းကပြောသည်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင် အခြေစိုက်ထားသည့် နာမည်ကြီးလူမိုက်အဖွဲ့တစ်ဖွဲ့မှ လစဉ်ကြေး သိန်း ၅၀ ပေးပါက ယခုကဲ့သို့လုယက်ခြင်းများမဖြစ်စေရန် တာဝန်ယူမည်ဟု လုပ်ငန်းရှင်နှင့် ကုန်သည်များထံ ခြိမ်းခြောက်မိုက်ကြေးတောင်းယူခြင်းများရှိနေသည်ဟု ပါးစပ်သတင်းအရ ပျံ့နှံ့နေသော်လည်း MT News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယခုနှစ်အတွင်း ဧရာဝတီတိုင်းမှ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကုန်စည်များ လာရောက်ပို့ဆောင်သည့် ကုန်ကားအများစုမှာ ဘေးတွဲဆိုင်ကယ်ဖြင့်လာသည့် လူမိုက်အုပ်စု၏ ကားပေါ်တက်လုယက်ခြင်းကို မကြာခနခံနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *