ပုဂံဒေသ ဟိုတယ်ဆိုင်ရာမဟာဗျူဟာအစည်းအဝေး ပထမအကြိမ် ပုဂံမှာကျင်းပ

၁၅. ၁. ၂၀၂၄
Written by Hey Mar

ပုဂံဒေသမှာ ဟိုတယ်တည်ဆောက်လာမှု အခြေအနေတွေအတွက် Bagan Hotel Strategy အမြန်ဆုံး ပြီးစီးအောင် ရေးဆွဲဖို့လိုအပ်လာပြီဖြစ်ကြောင်း ပုဂံဒေသဆိုင်ရာ ဟိုတယ်မဟာဗျူဟာ (မူကြမ်း)မှာ ပါရှိတဲ့ တင်ပြချက်တွေနဲ့ ပတ်သက်တဲ့အစည်းအဝေးကျင်းပပြုလုပ်စဉ် ဇန်နဝါရီ ၉ ရက်နေ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က အကြံပြုပြောကြားခဲ့ပါတယ်။

လက်ရှိ နစက အစိုးရလက်ထပ် ပုဂံမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ စီမံကိန်းတွေကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနတို့ တွေ့ဆုံပူးပေါင်းကာ ရပ်နားထားတာပါ။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်တင်သွင်းစဉ်က ဟိုတယ်နဲ့ပတ်သက်တဲ့ ပုဂံဒေသဆိုင်ရာဟိုတယ်မဟာဗျူဟာရေးဆွဲရေးစီမံကိန်း(Bagan Hotel Strategy)ရေးဆွဲဆောင်ရွက်ဖို့ ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဩစကြေးလျနိုင်ငံသားDr. Richard Mackay ကို ၂၀၂၀ ပြည့် ကတည်းက စတင်ငှားရမ်းရေးဆွဲစေခဲ့တာလို့လည်း သိရပါတယ် ။

အဆိုပါ အစည်းအဝေးနဲ့ ပတ်သက်ပြီး ပုဂံဒေသခံတချို့ဖြစ်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတချို့ကလည်း ကာလရှည်ကြာစွာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပုဂံဟိုတယ်ဝင်း ၊ ပုဂ္ဂလိက ခြံဝင်းတချို့ထဲက ရှေးဟောင်းဘုရားစေတီတွေနဲ့ ပတ်သတ်လို့ မေးခွန်းထုတ်လာကြပါတယ်။

ပုဂံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဘတ်ဂျက်သုံးစွဲကာ ‌ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စီမံဖော်ဆောင်နေတဲ့ ဘုရားတွေမှာပိတ်နေတဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို ဒေသခံတွေပါဝင်တဲ့ အဖွဲ့တွေဖွဲ့ပြီး ရှင်းလင်းနေတာလည်းရှိပါတယ်။

အဆိုပါအဖွဲ့မှာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ရော ၊ ဒေသခံအနေနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေတဲ့ကြီးမြတ် သောပုဂံ ရောင်တော်ဖွင့် သန့်ရှင်းရေးကုသိုလ်ပြုအဖွဲ့မှ ကိုမျိုးဆက်စံက “ပုဂံမှာ ဘုရားဘေးတွေ၊ ဝင်းတွေထဲက ၊ ခရာဆူးခြုံတွေ၊ ကန္တာရဆူးပင်တွေကို ဝန်ကြီးဌာနက ဘတ်ဂျက်သုံးစွဲပြီးဆောင်ရွက်ပေးနေတာရှိတယ်။ အဖွဲ့တွေ အတော်များတယ်။ ကျွန်တော်တို့အဖွဲ့ဆို ( J ) အဖွဲ့ပေါ့။ ခေါင်းဆောင် ပါတယ်။ ပညာရှင် ပါတယ်။ မြေပုံတွေထဲကအတိုင်း သွားပြီးရှင်းရတယ်။ ဒါပေမယ့် အဲ့ဒီလိုရှင်းလင်းတာတွေထဲမှာ ခြံဝင်းထဲက စေတီပုထိုး၊ ဟိုတယ်ဝင်းထဲက စေတီပုထိုးတွေတော့မပါသေးဘူး။ ဟိုတယ်ဝင်းထဲမှာရှိနေတဲ့ ဘုရားတွေကိစ္စကို ပြည်သူတစ်ယောက်အနေနဲ့ရော ဒေသခံတစ်ဦးအနေနဲ့ပါ မီးမောင်းထိုးပြလာတာ အခုဆိုရင် အစိုးရ လေးဆက်မြောက် ရှိနေပါပြီ။ ဘာသာရေးရှုထောင့်ကပဲကြည့်ကြည့်၊ ယဉ်ကျေးမှုအရပဲကြည့်ကြည့် အများပြည်သူနဲ့သက်ဆိုင်တဲ့ သာသနိကအဆောက်အဦတွေဟာ တစ်ဦးတစ်ယောက်ပိုင် ဖြစ်သွားအောင် ဘာကြောင့် ခွင့်ပြုရတာလဲ။ ဒီကနေစမေးရမှာပါ။ အခု နစက လက်ထက်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ရပ်ထားတာတော့ သေချာတယ်။ ဒါပေမယ့် ယခင်က လုပ်ခဲ့တာတွေကို ဖျက်သိမ်းတာတွေမျိုးတော့ မရှိသေးဘူး၊ တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်တာတွေမရှိသေးဘူး” လို့ သူ့အမြင်ကို MT News ကို ပြောပါတယ်။

ဘုရားတွေကို ခြံဝန်းထဲဆွဲသွင်းထားတဲ့ လုပ်ငန်းရှင်တွေက သူတို့ဝင်းတွေရဲ့ အဝမှာသာ အများပြည်သူ ဝင်ရောက်ဖူးမျှော်နိုင်ပါသည်လို့ ရေးထားပေမယ့် တကယ်ဝင်ရင် အစစ်အဆေးက ပြောရဆိုရခက်တာတွေ ရှိပါတယ်။ ဧဒင်အုပ်စုရဲ့ ဟိုတယ်ဝင်းထဲမှာဆို ဘုရား၊ ပုထိုး ၂၄ ဆူနီးပါးရှိနေတယ်လို့ ကိုမျိုးဆက်စံက ဆက်လက်ပြောပါတယ်။

သူက “အဲ့ဒါတွေက ဘယ်အချိန်စမလဲ မသိသေးဘူး။ ကျွန်တော်တို့အမြင်ပြောပါဆိုရင် အဲ့ဒီထဲတွေကို ပိုပြီးမြန်မြန် စစေချင်တယ်။ အပြင်က ဘယ်အချိန်လုပ်လုပ်ရတယ်။ အဲ့ဒီထဲက ဘုရားတွေက ပြိုနေသလား။ သစ်ပင်တွေ ပေါက်နေသလား။ အမြစ်တွေ ထိုးခွဲနေပြီလား ဘာမှပွင့်လင်းမြင်သာစွာ မသိရဘူး။ မမြင် မသိရတော့ ဒေသခံတစ်ဦး၊ ပုဂံမြေကို ချစ်သူအနေနဲ့ စိတ်ပူမိပါတယ်” လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *