၁၅. ၁. ၂၀၂၄
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၅ ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A)လမ်းရှိ ဂိုဒေါင်ကို သတင်းအရ ရှာဖွေရာ ဆာဦးနှင့် မိုင်းအိုက်ကျင်တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံနှစ်ဦးကို စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီ ၉ ရက် ည ၈ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ (A) လမ်းနှင့် ၁၁၅ လမ်းထောင့်နေ လှသိန်းကို ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းကိုလည်းကောင်း ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၉၄၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်းနှင့် ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *