၁၄. ၁. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့ထိပ်တန်း MMA အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ထိုးသတ်ခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွားဖိုက်တာအဖြစ် သမိုင်းဝင်မှတ်တမ်းသစ်ကို ရေးထိုးခဲ့တဲ့ ဂျိုရှုအာဗန်ဟာ ပြီးခဲ့တဲ့ သူ့ရဲ့ UFC ပွဲစဉ် နှစ်ပွဲမှာ ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို ထိန်းထားနိုင်ခဲ့သလို အခုအခါမှာလည်း သူ့ရဲ့ UFC တတိယမြောက် စင်မြင့်မှာလည်း အနိုင်ပွဲကို ထပ်မံ အရယူနိုင်ခဲ့ပါပြီ။

ဂျိုရှုအာဗန်ရဲ့ စိတ်အားထက်သန်မှုတွေနဲ့အတူ UFC က စီစဉ်ပေးခဲ့တဲ့ တတိယမြောက် UFC စင်မြင့်ကတော့ ဘရာဇီးနိုင်ငံက Felipe Bunes နဲ့ ဇန်နဝါရီလ ၁၃ ရက်က ထိုးသတ်ခဲ့တဲ့ UFC Fight Night 234 ပွဲ ဖြစ်ပြီး ပွဲမစမီရက်ပိုင်းအလိုက ဂျိုရှုအာဗန်ကြုံးဝါးထားတဲ့အတိုင်း Felipe Bunes ကို ဒုတိယအချီအတွင်းမှာ အလဲထိုးနိုင်ခဲ့ကာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိသွားခဲ့တာပါ။

ဂျိုရှုအာဗန်က ပြီးခဲ့တဲ့ UFC ၂ ပွဲစလုံးမှာ ဒိုင်အဆုံးအဖြတ်အမှတ်နဲ့ နိုင်ပွဲတွေကို ရယူထားနိုင်ခဲ့သလို ၉ ပွဲနိုင် ၁ ရှုံးရလဒ်နဲ့အတူ ကောင်းမွန်တဲ့ ထိုးကွက်၊ ချုပ်ကွက်တွေနဲ့ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပြီး အသက်အားဖြင့် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ပြိုင်ဖက် Felipe Bunes ကလည်း ဗန်ထက် အရပ် ၂ လက်မပိုရှည်ကာ UFC မှာတော့ ဗန်နဲ့ ပွဲက ပွဲဦးထွက်ဖြစ်ခဲ့ပေမဲ့ ပရော်ဖက်ရှင်နယ် ဖိုက်တာအဖြစ် ၁၉ ပွဲထိ ထိုးသတ်ထားရာ ၁၃ ပွဲ အနိုင်ရရှိထားတဲ့ မခေတဲ့ ဖိုက်တာတစ်ယောက်ဖြစ်တာကြောင့် Felipe Bunes နဲ့ ဗန်တို့ဟာ ပြိုင်ဘက်ကောင်းတွေဖြစ်နေခဲ့ကြတာပါ။

ဒီပွဲစဉ်မှာ ဂျိုရှုအာဗန်ဟာ ပွဲစကတည်းက နှေးကွေးတဲ့ အစပြုမှုကို ကျော်ဖြတ်ကာ ခြေတံလက်တံရှည်တဲ့ အားသာချက်နဲ့ ခွာထိုးပြီး ချုပ်ဖို့ကြိုးစားတဲ့ Felipe Bunes ကို အတင်းဝင်ပူးထိုးခဲ့ရပြီး သုံးမိနစ်အကျော်မှာ ခြေဝင်ဆွဲပြီးချုပ်ထားတဲ့ Bunes ကို ဒူးနဲ့တိုက်ချိန် မတော်ရာကို မတော်တဆထိမိခဲ့သေးတာပါ။ တစ်ဖက်လူကိုချုပ်ထားချိန်မှာ ခန္ဓာကိုယ်ခွာထားဖို့ သတိမကပ်ခဲ့တဲ့ Bunes ခဏနားပြီးလို့ ပွဲပြန်အစမှာလည်း ဗန်ကို ထပ်ချုပ်ချိန် ပိုင်နိုင်တဲ့ချုပ်ကွက်မဖြစ်ဘဲ အပေါ်စီးရယူစိတ်ကြိုက်ထိုးနိုင်ဖို့ အားထုတ်ချိန်မှာတောင် ဗန်ကို အပိုင်မချုပ်နိုင်လို့ ခြေဖနောင်နဲ့မျက်နှာ မိတ်ဆက်မိဖို့အနည်းငယ်ပဲလိုခဲ့တာပါ။ ဒုတိယအချီမှာလည်း Bunes အတင်းကပ်ချုပ်ပေမဲ့ ဗန်ရဲ့လက်တစ်ဖက် ဇယ်ဆက်သလို မျက်နှာကိုတရစပ်ရိုက် ရုန်းထွက်ပြီး လက်သီးတံတောင်တွေ ကျွေးတာမြင်ရပါသေးတယ်။ Bunes ချုပ်တိုင်းမှာ ဟာကွက်တွေဖြစ်လာတဲ့နေရာတွေကို ဗန်က ထိထိမိမိတုံ့ပြန်နိုင်လို့ ဒုတိယအချီ ဒုတိယအကျော့ အချုပ်မှာလည်း Bunes ကျော ဗျောတင်ခံရတာကနေ ဗန်က Felipe Bunes ကို ဘယ်ညာလက်သီးတွဲလုံးတွေ ဒူးတိုက်ချက်တွေနဲ့ တရစပ်ထိုးသတ်ခဲ့လို့ Bunes ဟာ ဒူးတွေခွေ လဲကျသွားချိန်မှာလည်း အပေါ်စီးရယူပြီး စဥ်ဆက်မပြတ် ထိုးနိုင်ခဲ့လို့ အလဲထိုး အနိုင်ရရှိခဲ့တာပါ။

အသက် ၂၂ နှစ်နဲ့ အတွေ့အကြုံ အနည်းငယ်သာရှိတဲ့ ဗန်ဟာ သူ့ရဲ့ ၁၂၅ ပေါင် ဝိတ်တန်းမှာ နောက်ထပ်အချိန်တိုအတွင်း ထပ်မံ ထိုးသတ်သွားဖို့ စဉ်းစားနေပြီး “ပထမအချီမှာ သူ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒုတိယအကျော့မှာ ကျွန်တော်တို့ ပြီးပါပြီ။ ဒီနှစ်မှာ ကျွန်တော် တက်ကြွနေချင်ပါတယ်။ ဒီနှစ်မှာ အနည်းဆုံး လေးပွဲကနေ ခြောက်ပွဲလောက် ထိုးချင်ပါတယ်။ Dana White ကျေးဇူးပြုပြီး ထိုးခွင့်ပေးပါ။ ​နောက်​အပတ်​လည်း တိုက်​ချင်​တယ်​။ Let’s go” လို့ ဗန် က Michael Bisping ကို ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာပရိသတ်တွေရှေ့မှာ ရှုံးပွဲမတွေ့ချင်ဘူးလို့ ဆိုကာ အနိုင်ပွဲကို အရရယူပေးမယ်ဆိုတဲ့ အတိုင်း ဒီပွဲကတော့ ဂျိုရှုအာဗန်အနေနဲ့ UFC ၃ ပွဲဆက် အနိုင်ရရှိခြင်းဖြစ်ပြီး အလားအလာမြင့်တဲ့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားဖိုက်တာလေးကို မြန်မာပြည်က ပရိသတ်တွေရဲ့ အားပေးမှုကလည်း မြင့်မားသထက် မြင့်မားလာနေပါတယ်။

Ref, mmajunkie

Leave a Reply

Your email address will not be published. Required fields are marked *